
မြန်မာ့လူ့အခွင့်အရေးကွန်ရက်အကြောင်း မိတ်ဆက်
မြန်မာ့လူ့အခွင့်အရေးကွန်ရက်(BHRN)ကို မြန်မာနိုင်ငံအတွင်းရှိ လူ့အခွင့်အရေး၊ လူနည်းစုရေးရာများနှင့် ဘာသာရေးဆိုင်ရာလွတ်လပ်ခွင့်တို့အတွက် လုပ်ကိုင်ရန်ရည်ရွယ်၍ ၂၀၁၂ ခုနှစ်တွင်တည်ထောင်ခဲ့ပါသည်။ ကွန်ရက်မှာ မြန်မာတစ်နိုင်ငံလုံးတွင် အလုပ်လုပ်ကိုင်နေပြီး ၊လုံခြုံရေးဆိုင်ရာအခြေအနေကြောင့် ၂၀၁၅ ခုနှစ်မှ စတင်ကာ UK နိုင်ငံတွင်တရားဝင်မှတ်ပုံတင်ခဲ့ပါသည်။၁
အဖွဲ့၏လုပ်ကိုင်ဆောင်ရွက်ရသော လုပ်ငန်းသည် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးစုများနှင့် ဘာသာရေးလူနည်းစုများအပေါ် သက်ရောက်နေသော လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်ရသည့် အလုပ် ဖြစ်သောကြောင့် ၊ အလွန်အန္တရာယ်များသော အလုပ်ဖြစ်ပါသည်။ ထို့ကြောင့် ပြည်တွင်းတွင် တရားဝင် မှတ်ပုံတင်၍ လွတ်လပ်စွာလုပ်ကိုင်ဆောင်ရွက်ရန်မဖြစ်နိုင်ပေ။ ယခုအကြိမ်မှာ BHRN ၏ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ UPR လုပ်ငန်းစဉ်နှင့် ပထမဦးဆုံးအကြိမ်ထိတွေ့ဆက်ဆံမှု ဖြစ်ပါသည်။ သို့သော်လည်း BHRN ၏ အရေးပါသောအလုပ်များကို ကမ္ဘာ့ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအခြေအနေ အထူးအစီရင်ခံစာတင်သွင်းရေးသားသူ နှင့် အခြားသောကမ္ဘာ့ကုလသမဂ္ဂ၏ လူ့အခွင့်အရေး လုပ်ငန်းစဉ် ယန္တရားများတို့က အသိအမှတ်ပြုခဲ့ပြီးဖြစ်ပါသည်။
သုတေသန နည်းစနစ်
BHRN ၏ UPR အစီရင်ခံစာသည် မြန်မာပြည်အတွင်းတွင်အလုပ်လုပ်ကိုင်နေသော အဖွဲ့ဝင်များကိုယ်တိုင် စိစစ်ရရှိထားသော သတင်းအချက်အလက်များအပေါ်တွင် အခြေခံထားပါသည်။ BHRN အဖွဲ့သည် မြန်မာနိုင်ငံ အတွင်းရှိ လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်ရာတွင် နည်းလမ်းပေါင်းစုံကို အခြေပြုသည့် နည်းစနစ်ကို အသုံးပြုပါသည်။ ထိုစနစ်တွင် မြန်မာစကားပြောဆိုသူ တွေ့ဆုံမေးမြန်းသူများက ကျူးလွန်ခံ ရသူများနှင့် မျက်မြင်သက်သေများကို တွေ့ဆုံမေးမြန်းရာတွင် in-depth semi-structured အင်တာဗျူးများနှင့် မေးခွန်းများ၊ အဆိုပါဖြစ်ရပ်နှင့် အချက်အလက်များ၏ ခိုင်လုံမှုကို စစ်ဆေးရာတွင် သတင်းသမားများမှ ရေးသားထားသော အချက်အလက်များဖြင့် ပြန်လည်ဆန်းစစ်အတည်ပြုထားပါသည်။
ယခုအစီအရင်ခံစာသည် BHRN မှ ယခင်ကထုတ်ပြန်ထားခဲ့ပြီးဖြစ်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် ပတ်သက်သည့် အချက်အလက်များကို ဆန်းစစ်လေ့လာထားသည့် အကြောင်းအရာများလည်း ပါဝင်ပါသည်။ အဆိုပါအကြောင်းအရာများသည် ပြီးခဲ့သည့်အကြိမ် UPR တင်ပြချက်ပြုလုပ်ရသည့် ကာလအပိုင်းအခြား ဖြစ်သည့် နိုဝင်ဘာလ ၂၀၁၅ မှ ဇွန်လ ၂၀၂၀ အတွင်းတွင့် ဖြစ်ပွားခဲ့သည့်ဖြစ်ရပ် များဖြစ်ပါသည်။ ယခင်က မထုတ်ပြန်ရသေးသည့် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ရှိ မွတ်စလင်များ၏နိုင်ငံသားဖြစ်မှု နှင့် နိုင်ငံမဲ့ ဖြစ်ပေါ်နိုင်သည် အခြေအနေများအား မတ်လ ၂၀၂၀ တွင် ထိုဒေသသို့ သွားရောက်ကွင်းဆင်း၍ ကောက်ယူရရှိထားသည့် အချက်အလက်များလည်းပါဝင်ပါသည်။
က ။ ။မိတ်ဆက်
BHRN ၏တင်ပြချက်များသည် မြန်မာနိုင်ငံတွင် နိုင်ငံတော်အဆင့်တာဝန်ရှိသူများက ၂၀၁၅ ခုနှစ် နိုဝင်ဘာလ မှ ၂၀၂၀ ခုနှစ် ဇွန်လကာလအတွင်း ကျူးလွန်ခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများအား မြေပြင်တွင် ခံစားနေရသူများ၏ အသံများကိုနားထောင်၍ စိစစ်မှတ်တမ်း တင်ပြထားချက်များဖြစ်ပါသည်။ ထိုအရာများသည် မြန်မာနိုင်ငံအတွင်းရှိ လူနည်းစုတိုင်းရင်းသားများနှင့် ဘာသာဝင်များအပေါ် အဓိကထား၍ ကျူးလွန်ထားသည့် အကြောင်းအရာများ အဓိကပါဝင်ပါသည်။ အဆိုပါအကြောင်းအရာများတွင် တန်းတူညီမျှ ဖြစ်ရေးနှင့်ခွဲခြားဆက်ဆံမှုမရှိရေး၊ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်နှင့် နိုင်ငံသားဖြစ်ခွင့်များပါဝင်ပါသည်။
မြန်မာနိုင်ငံတွင် လူနည်းစုတိုင်းရင်းသားများနှင့် ဘာသာဝင်များ အားလုံးသည် အဆိုပါအခွင့်အရေးများနှင့်ပတ်သတ်ပြီး အမြဲတမ်းအလှည့်ကျ ချိုးဖောက်ခံနေရ သော်လည်း လက်ရှိနိုင်ငံရေးအခြေအနေကြောင့် မွတ်စလင်လူနည်းစုများအပေါ် ပို၍ ဦးတည်သော ခွဲခြားဆက်ဆံမှုများနှင့် အကြမ်းဖက်တိုက်ခိုက်မှုများရှိနေပါသည်။ ထို့ကြောင့် BHRN သည် ယခုအစီရင်ခံစာတွင် ယခင်အကြိမ်ထုတ်ပြန်ခဲ့သော မြန်မာနိုင်ငံဆိုင်ရာ UPR အစီရင်ခံစာများတွင် တစ်ခါမှ ထည့်သွင်းဖော်ပြထားခြင်းမရှိသော ဖုံးကွယ်ထားခြင်းခံထား ရသည့် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်းရှိ မွတ်စလင်များ၏နိုင်ငံမဲ့ဖြစ်ပေါ်နိုင်သည့် အရေးနှင့် ရင်ဆိုင် ကြုံတွေ့နေရမှုများကိုဖော်ထုတ်ရေးသားထားပါသည်။
၁။ ဤအစီရင်ခံစာတွင်ပါဝင်သည့် ဥပဒေပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာခြင်းသည် မြန်မာနိုင်ငံက လက်မှတ်ရေးထိုးသော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး သဘောတူစာချုပ် လေးခုဖြစ်သောကုလသမဂ္ဂ၏ကလေးသူငယ်အခွင့်အရေးဆိုင်ရာစာချုပ်နှင့်၎င်း၏နောက်ဆက်တွဲအခြေပြုစာချုပ်နှစ်ခု(CRC)၊ အမျိုးသမီးများအပေါ်နည်းမျိုးစုံဖြင့် ခွဲခြားထားမှုများ အားလုံးပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ် (CEDAW)၊မသန်စွမ်းသူများ၏ အခွင့်အရေးစာချုပ်(CRPD)၊ စီးပွားရေး လူမှုရေးနှင့်ယဉ်ကျေးမှုဆိုင်ရာအခွင့်အရေးများအပေါ်အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ်(ICESCR)တို့အပေါ် အခြေခံထားပါသည်။ ယခု BHRN ၏ အစီရင်ခံစာသည် အပြည်ပြည်ဆိုင်ရာ ဥပဒေထုံးတမ်းအောက်တွင် မြန်မာနိုင်ငံ၏ တာဝန်ဝတ္တရားများနှင့် အခြားသော သက်ဆိုင်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး လုပ်ထုံးလုပ်နည်းများနှင့် ပြဌာန်းချက်များကို ရည်ညွှန်းပါသည်။၂
ခ။ အမျိုးသားလူ့အခွင့်အရေးမူဘောင်
၂။ တပ်မတော်မှ ရေးဆွဲခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အပိုဒ် (၃၄၇) တွင် လူအားလုံးတို့သည်ဥပဒေ အရာ၌ တန်းတူညီမျှသည့် အခွင့်ရှိသည်ဟု အာမခံထားသည်။ သို့ရာတွင် ၎င်းသည် အပိုဒ် (၃၄၈)တွင်ဖော်ပြထားသော နိုင်ငံသားဖြစ်ခွင့်ရှိမှုအရာတွင် ခွဲခြားဆက်ဆံမှုမရှိစေရအပိုဒ်နှင့်ဆန့်ကျင်နေသည်။ထို့အပြင်ရှင်းလင်းသော ခွဲခြားဆက်ဆံမှု ဆန့်ကျင်ရေးဥပဒေပြဌာန်းမှုမရှိခြင်းသည် မြန်မာနိုင်ငံရှိ လူများအတွက် ၎င်းတို့၏တန်းတူညီမျှမှုနှင့် ခွဲခြားဆက်ဆံမှုမရှိခြင်းအခွင့်အရေးကို အခိုင်အမာဖော်ပြရန် အလွန်ခက်ခဲစေသည်။
၃။ ၁၉၈၂ခုနှစ် နိုင်ငံသားဥပဒေအရ မြန်မာနိုင်ငံတွင် နိုင်ငံသားဖြစ်မှုအဆင့် (၃) မျိုးရှိသည်။ ၎င်းတို့မှာနိုင်ငံသား အပြည့်အဝဖြစ်ခြင်း၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရရှိသူတို့ဖြစ်သည်။ နိုင်ငံသားအပြည့်အဝဖြစ်ရန် မိဘထဲမှ တစ်ဦးတစ်ယောက်သည် နိုင်ငံသားဖြစ်ရမည် သို့မဟုတ် ဗြိတိသျှအုပ်ချုပ်မှု စတင်ခဲ့သော (၁၈၂၄)ခုနှစ် မတိုင်မီ မြန်မာနိုင်ငံတွင်နေထိုင်ခဲ့သည့် မျိုးရိုးဖြစ်ကြောင်းသက်သေပြနိုင်ရမည်။ ထိုကဲ့သို့ သက်သေမပြနိုင်သောသူများသည် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရရှိသူအဖြစ် အရည်အချင်း ပြည့်မှီသည်။ သို့ရာတွင် ယင်းအချက်သည်ပင် အာမခံချက်မရှိသောကြောင့် ၎င်းတို့၏ နိုင်ငံသားဖြစ်ရန် အခွင့်အရေးသည် ထိုကဲ့သို့သောနိုင်ငံသားအဆင့် အမျိုးအစားများဖြင့် ကန့်သတ်ခြင်းခံထားရသည်။ နိုင်ငံသားအဖြစ်အပြည့်အဝဖြစ်ရန် ခွင့်ပြုထားသူများကို ပန်းရောင် နိုင်ငံသားစိစစ်ရေးကဒ် (CSC) ထုတ်ပေးပြီး၊ နိုင်ငံသားဖြစ်တည်မှု အဆင့်နိမ့်သည်ဟု ခွင့်ပြုထားသောသူများကို အပြာရောင်ဧည့်နိုင်ငံသားမှတ်ပုံတင်ကဒ် နှင့် အစိမ်းရောင်နိုင်ငံသားပြုခွင့် မှတ်ပုံတင်ကဒ်များ ထုတ်ပေးသည်။
၄။ ၁၉၈၂ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေတွင် ဝေါဟာဆိုင်ရာကျယ်ပြန့်သော ပြဌာန်းချက် အမြောက်အများ ပါဝင်သည်။ ထိုဝေါဟာရကျယ်ပြန့်မှုကို အာဏာပိုင်များက ခွဲခြားဆက်ဆံရန် သို့မဟုတ် တရားမမျှတစွာ အသုံးချနိုင်သည်။ အခန်း ၂၊ အပိုဒ် ၄ တွင် နိုင်ငံတော်သမ္မတ သို့မဟုတ်ပြည်ထောင်စုအစိုးရသည် တိုင်းရင်းသား လူမျိုးစုတစ်စုအား နိုင်ငံသား ဖြစ်ကြောင်း သို့မဟုတ် နိုင်ငံသားမဟုတ်ကြောင်းကို ဆုံးဖြတ် နိုင်သည်။ အခန်း၂၊ အပိုဒ်၈ (ခ) တွင် ဗဟိုအဖွဲ့မှ မွေးရာပါနိုင်ငံသားမှလွှဲ၍ မည်သူတစ်ဦးတစ်ယောက်ကိုမဆို နိုင်ငံသားအဖြစ်မှ တရားဝင်ရုပ်သိမ်းနိုင်သည်။ ၎င်းသည် လုပ်ထုံးလုပ်နည်းများကို ပြဌာန်းရန် အခွင့်အာဏာ လည်းရှိသည်။ ဗဟိုအဖွဲ့သည်ကာကွယ်ရေးဝန်ကြီးများ၊ ပြည်ထဲရေးဝန်ကြီး (နှစ်ခုစလုံးသည် တပ်မတော်မှ ရယူထားသောရာထူးများ ဖြစ်သည်)၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး နှင့် နိုင်ငံခြားရေးရာ ဝန်ကြီး တို့ဖြင့် ဖွဲ့စည်းထားသည်။ ၃
ဂ. လက်တွေ့အခြေအနေတွင် လူ့အခွင့်အရေးကာကွယ်မြင့်တင်ခြင်း
ဂ (၁). တန်းတူညီမျှမှုရေး နှင့် ခွဲခြားဆက်ဆံမှု မရှိစေရေး
၅။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး သဘောတူစာချုပ်လေးခုတွင် လက်မှတ်ရေးထိုးထားသော မြန်မာနိုင်ငံသည် တားမြစ်ထားသော မည်သည့်အခြေအနေတစ်ခု အပေါ်တွင်မဆို ခွဲခြားဆက်ဆံခြင်း de facto(လက်တွေ့ဘဝ)နှင့် de jure (ဥပဒေ ဘောင်အတွင်း)ကို ဆက်လက်တည်မြဲရန် သို့မဟုတ် ဖြစ်ပေါ်စေသောသဘောထားများ၊အခြေအနေများကို ဖယ်ရှားပစ်ရန်နှင့် ကာကွယ်ရန် လိုအပ်သောဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့်အခြားသောအစီအမံများကိုစတင် ဆောင်ရွက်ရန် ချက်ချင်းတာဝန်ရှိသည်။
၆။ မြန်မာနိုင်ငံသည် အကြံပြုချက် အမှတ် (၁၄၃.၇၈) ‘တိုင်းရင်းသားနှင့် ဘာသာရေးဆိုင်ရာ လူနည်းစုများကိုဆန့်ကျင်သော အကြမ်းဖက်မှုနှင့် ခွဲခြားဆက်ဆံခြင်းများကို လွတ်လပ်စွာစုံစမ်းစစ်ဆေးခြင်းကို သေချာဆောင်ရွက်ရန်’နှင့် အကြံပြုချက် အမှတ် (၁၄၃.၂၅) ‘တိုင်းရင်းသားအုပ်စုနှင့် ဘာသာရေးဆိုင်ရာ အုပ်စုများကို မြန်မာ့လူမှုပတ်ဝန်းကျင် လူနေမှုဘဝတွင် ပါဝင်နိုင်စေရန် ပို၍ကောင်းမွန်သော ကြိုးပမ်းမှုလုပ်ဆောင်ရန်’ အပါအဝင် UPR ၏ဒုတိယအကြိမ်တွင် သက်ဆိုင်ရာ အကြံပြုချက်များကို ထောက်ခံခဲ့သည်။ ယနေ့အချိန်အထိ အစိုးရသည် ထိုအကြံပြုချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း သို့မဟုတ် နိုင်ငံအတွင်းတွင်ဖြစ်ပေါ်နေသော ခွဲခြားဆက်ဆံခြင်းကို ဖြစ်ပေါ်စေသော အဓိကအကြောင်းအရင်းများကို ကိုင်တွယ်ဖြေရှင်းရန် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ဥပဒေအောက်တွင် ၎င်း၏တာဝန်ကို ဖြည့်ဆည်းရန် လိုအပ်သော စီမံဆောင်ရွက်ချက်များကို စတင်ဆောင်ရွက်ခြင်း မရှိသေးချေ ၄ ။
၇။ မြန်မာနိုင်ငံတွင်ရှိသော တိုင်းရင်းသားနှင့် ဘာသာရေးဆိုင်ရာ လူနည်းစု၏ အဖွဲ့ဝင်များသည် လိင်၊ မွေးဖွားခြင်း၊ ဘာသာရေးကိုးကွယ်မှုနှင့် တိုင်းရင်းသားလူနည်းစုအစရှိသည့် အခြေအနေအမျိုးမျိူး၌ de jure(လက်တွေ့ဘဝ) နှင့် de facto(ဥပဒေဘောင်အတွင်း) ဆိုင်ရာနှစ်ရပ်စလုံး ခွဲခြားဆက်ဆံမှုများကို ပုံမှန်အားဖြင့်တွေ့ကြုံကြရသည်။ မွတ်စလင်နှင့် အခြားသော ဘာသာဝင်လူနည်းစုများကို ခွဲခြားဆက်ဆံခြင်းသည် သမိုင်းဝင်ဖြစ်ရုံသာမကစနစ်တကျခွဲခြားဆက်ဆံပြီး အစဉ်အမြဲ လူ့အခွင့်အရေးချိုးဖောက်ခြင်းက မြန်မာနိုင်ငံတွင် ဖြစ်တည်နေသည်။
၈။ မွတ်စလင်များသည် နေ့စဉ်နှင့်အမျှ ခွဲခြားဆက်ဆံမှုဆိုင်ရာ အခက်အခဲများကိုကြုံတွေ့ရပြီး ၁၉၈၂ခုနှစ်နိုင်ငံသားဖြစ်တည်မှုဥပဒေအောက်တွင် နိုင်ငံသားအပြည့်အဝအဖြစ်ရရှိရန် ပိုမိုခက်ခဲစေကာ အာဏာပိုင်များကစိတ်ကူးပေါက်သလို မတရားခွဲခြားဆက်ဆံခြင်းကို ဖြစ်ပေါ်စေပါသည်။ BHRN သည် နိုင်ငံသားစိစစ်ရေးကဒ်ရရှိရန် သို့မဟုတ် အသက် ၁၈၊ ၃၀၊ ၄၅ ပြည့်သောအခါ နိုင်ငံသားစိစစ်ရေးကဒ် အသစ်ထပ်မံပြုလုပ်စဉ်တွင်မွတ်စလင်များအား ကွဲပြားစွာ ဆက်ဆံခြင်းများကို မှတ်တမ်းပြုစုထားပါသည်။ ပုံမှန်တွေ့ကြုံရသည့် ပြဿနာများတွင် မွတ်စလင်များအား နိုင်ငံသားစိစစ်ရေးကဒ် ထုတ်ပေးရာတွင် ခက်ခဲနိုင်သမျှခက်ခဲစေရန် လစ်လျှူရှုခြင်း၊ ကဒ်ရရှိရန် ခက်ခဲခြင်း၊ မိသားစု မျိုးရိုးဆိုင်ရာ စာရွက်စာတမ်းရရှိရန်ခက်ခဲခြင်း။ ထို့အပြင် အစိုးရအဆင့်ဆင့်မှ ထပ်မံစစ်ဆေးမေးမြန်းခြင်း၊ လုပ်ငန်းစဉ်တွင် ကြန့်ကြာခြင်း နှင့် လာဘ်ပေးရန် လိုအပ်ခြင်းတို့ ပါဝင်ပါသည် ၅ ။
၉။ ထို့အပြင် လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များက မွတ်စလင်တစ်ဦးကို မြန်မာနိုင်ငံတွင် အများစုလူမျိုးစုဖြစ်သည့် ဗမာအဖြစ် မှတ်ပုံတင်ရန် ပုံမှန်အားဖြင့်ငြင်းပယ်လေ့ရှိသည်။ ထို့ကဲ့သို့မှတ်ပုံတင်ရမည့်အစားလျှောက်ထားသူသည် ဗမာ အဖြစ်သိသာထင်ရှားလျက်နှင့်ပင် မွတ်စလင်အများစုရှိသည့်နိုင်ငံများမှ ဘင်္ဂလားဒေရှ်လူမျိုး သို့မဟုတ် ပါကစ္စတန်လူမျိုး အဖြစ် စပ်ဆက်မှုအလျဉ်းမရှိဘဲ စိတ်ကူးပေါက်သလို မှတ်ပုံတင်စာရင်းသွင်းသည်။ ဤသို့သောနည်းဖြင့် တရားဝင် လုပ်ထုံးလုပ်နည်း စာရွက်စာတမ်းများတွင် လူမျိုးရောများကိုဖော်ပြရန် အသုံးပြုသော လူမျိုးခွဲခြားရေးဝေါဟာရ ဖြစ်သည့် သွေးနှော အဖြစ် သတ်မှတ်ခြင်းခံရသည်။ လက်တွေ့တွင်မူ ဤကဲ့သို့ သတ်မှတ်ပြုလုပ်ခြင်းသည် နိုင်ငံသား အပြည့်အဝရရှိရန် ပိုမိုခက်ခဲစေသည်။ အကယ်၍မွတ်စလင်ဖြစ်သောလျှောက်ထားသူက မလိုက်နာပါက ၎င်းတို့၏ လျှောက်လွှာကို လုံး၀ စီစဉ်ဆောင်ရွက်ပေးမည်မဟုတ်ကြောင်း ခြိမ်းခြောက်ခြင်းကိုခံရသည်၆။
၁၀။ ၂၀၁၉ မတ်လတွင်ဒေသခံတစ်ဦးက ပဲခူးတွင်ကျင်းပခဲ့သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် လူထုအစည်းအဝေးတစ်ခုတွင် မွတ်စလင်များနှင့် ဟိန္ဒူလူမျိုးများက တွေ့ကြုံရသော ခွဲခြားဆက်ဆံမှုအလေ့အထများနှင့် နိုင်ငံသားစိစစ်ရေးကဒ် လျှောက်ထားစဉ်တွင် တွေ့ကြုံခဲ့ရသည့် လာဘ်စားမှုများကို ထုတ်ဖော်ပြောဆိုခဲ့သည်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ၎င်းတို့ကြုံတွေ့ရသော ခွဲခြားဆက်ဆံမှုကိုချက်ချင်းကိုင်တွယ်ဖြေရှင်းရန်ကြိုးပမ်းမည်ဟု အာမခံ ချက်များပေးခဲ့သည်။ အစည်းအဝေးပြီးနောက်တွင် ဒေသခံအာဏာပိုင်များကပဲခူးတွင်ရှိသော ဗလီများမှ ဂေါပကများကို မြို့နယ်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးရုံးသို့ ဆင့်ခေါ်၍ ‘အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားရုံးသည် နိုင်ငံသားစီစစ်ရေးကဒ်အတွက် လျှောက်ထားစဉ်တွင် အစ္စလာမ်ဘာသာယုံကြည်သူများအား ခွဲခြားဆက်ဆံရန် လုပ်ဆောင်ခြင်းမရှိပါ’ ဟုပါသော သဘောထားထုတ်ပြန်ချက်ကိုလက်မှတ်ရေးထိုး ထုတ်ပြန်ရန်တွန်းအားပေးခဲ့သည်။ ၎င်းတို့သည် လက်မှတ်ထိုးရန်ငြင်းဆန်လျှင်ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲပြဿနာကို ကြောက်ရွံ့သောကြောင့် လက်မှတ်ထိုးလိုက်သော်လည်း များမကြာမှီတွင်တိုင်ကြားလွှာ တင်သွင်းခဲ့ကြသည်။ ထို့နောက်တွင် အရာရှိတစ်ဦးကို အလုပ်ဖြုတ်ခဲ့သော်လည်း နိုင်ငံသားစိစစ်ရေးကဒ် လျှောက်ထားခြင်းဖြစ်စဉ်တွင် စနစ်တကျခွဲခြားဆက်ဆံသည့် အလေ့အထကိုမူ ပြောင်းလဲခြင်းမရှိခဲ့ချေ ၇။
၁၁။ BHRN သည် မွတ်စလင်များနှင့်အခြားသော လူနည်းစုလူမျိုးများ ပတ်စ်ပိုစ့်လျှောက်ထားစဉ်တွင် ကြုံတွေ့ရသော ခွဲခြားဆက်ဆံခြင်းများကိုလည်း မှတ်တမ်းပြုစုခဲ့ပြီး နိုင်ငံသားဖြစ်မှုဆိုင်ရာ စာရွက်စာတမ်းများနှင့်ဘင်္ဂါလီ၊ တရုတ်လူမျိုး အိန္ဒိယလူမျိူး သို့မဟုတ် ပါကစ္စတန်လူမျိုးအဖြစ်သတ်မှတ်ခံရသောမွတ်စလင်များသည်အခြားလျှောက်ထားသူများထက် လျှောက်ထားသည့် လုပ်ငန်းစဉ် သိသိသာသာ အချိန်ပို၍ကြာမြင့်မှုနှင့် ရင်ဆိုင်ရသည်။ ဘင်္ဂလီအဖြစ် စာရင်းသွင်း မှတ်ပုံတင်ထားခံရသူများသည် ခြိမ်းခြောက်ခြင်း၊ အရှက်တကွဲဖြစ်စေသောချိန်းဆိုမှုများနှင့် အိမ်သို့လာရောက် စစ်ဆေးခြင်း လျှောက်ထားစဉ် အတောအတွင်းတွင် ၎င်းတို့၏အထောက်အထား၊နေရပ်လိပ်စာနှင့်မိသားစု ရာဇဝင် များကို စစ်ဆေးရန် အထူးအဖွဲ့ခွဲက ဆောင်ရွက်သော စုံစမ်းစစ်ဆေးခြင်းများအပါအဝင် ထပ်မံ၍စစ်ဆေးခြင်းနှင့် နှောက်ယှက်ခြင်းများ သီးသန့်ကြုံတွေ့ခဲ့ရသည်။ ၎င်းလုပ်ရပ်ကလျှောက်ထားသူများအတွက် ပို၍အချိန်ကြာမြင့်စေ ပါသည်။ လူနည်းစုအသိုင်းအဝန်းမှလာသော လျှောက်ထားသူများသည်လည်း ၎င်းတို့၏လျှောက်ထားမှုကို သေချာ ဆောင်ရွက်ပေးရန်အလို့ဌာ လာဘ်ထိုးရန်တွန်းအားပေးခြင်းကို မကြာခဏ ကြုံတွေ့ရသည်။ ဤကဲ့သို့ ချစားသော အလေ့အထများသည် မြန်မာ့ခရိုနီယဉ်ကျေးမှုတွင် အမြဲတစေရှိနေသည်။ သို့ရာတွင် ထိုကိစ္စရပ်များသည် အာဏာပိုင်များက ကိုယ်ကျိုးရှာသော အပြုအမူဟူ၍သာမကတိုင်းရင်းသားလူနည်းစုများကို ခွဲခြားဆက်ဆံခြင်းနှင့် ဥပဒေရှေ့မှောက်၌ ၎င်းတို့၏ တန်းတူညီမျှအခွင့်အရေးရရှိမှုအခွင့်အရေးကိုချိုးဖောက်ခြင်းနှင့် တိုင်းရင်းသားလူနည်းစု များကို စနစ်တကျခွဲခြားဆက်ဆံသော အနက်အဓိပ္ပါယ်ထွက်ကြောင်းကို နားလည်သဘောပေါက်ထားရပါမည်၈။
၁၂။ တိုင်းရင်းသားလူနည်းစုနှင့် ဘာသာရေးဆိုင်ရာ လူနည်းစုများကို အစိုးရနှင့် အစိုးရအာဏာပိုင်များမှစနစ်တကျ ခွဲခြားဆက်ဆံခြင်းသည် လူ့အသိုင်းအဝန်းအတွင်းတွင် ပုံမှန်ဖြစ်စေခြင်း၊ ဆက်လက်တည်မြဲနေခြင်းနှင့်ပိုမိုဆိုးရွားလာသော ခွဲခြားဆက်ဆံခြင်းကို ဖြစ်ပေါ်စေသည်။ BHRN သည် မြန်မာနိုင်ငံတစ်ဝန်းတွင် မွတ်စလင်များဖြတ်သန်း သွားလာခြင်းမပြုရသောနေရာ များ အဖြစ် ကိုယ်တိုင်ကြေငြာထားသော ကျေးရွာများအရေအတွက်သိသိသာသာ တိုးလာသည်ကို စာတမ်းပြုစုထားပါသည်။ ဒေသခံများသည် သက်ဆိုင်ရာဒေသအာဏာပိုင်များ၏ခွင့်ပြုချက်ဖြင့် မွတ်စလင်များမဝင်ရ ဟူသော ဆိုင်းဘုတ်များကို စိုက်ထူထားသော ရွာများ အနည်းဆုံး နှစ်ဒါဇင်ခန့်ရှိသည်။ ဆိုင်းဘုတ်များတွင်ရေးသားထားသော ဆောင်ပုဒ်၌ မွတ်စလင်များသည် ‘ဤရွာတွင် ရောနှောခြင်း၊ နေထိုင်ခြင်းနှင့် ကုန်သွယ်ခြင်းမှ တင်းကျပ်စွာတားမြစ်သည်’ နှင့် ‘ကုလား’ (မွတ်စလင်များကိုလေးစားမှုမရှိသော အသုံးအနှုန်းတစ်ခု) များကို နေရာပေးလျှင် သင်၏နိုင်ငံ၊ လူမျိုးနှင့် ကိုးကွယ်သည့်ဘာသာ ပျောက်ကွယ်သွားလိမ့်မည်’ ဟူသော ဆောင်ပုဒ် များပါဝင်ပါသည်။ BHRN ဤကိစ္စရပ်အပေါ် အစီရင်ခံတင်ပြရာတွင်နိုင်ငံတကာမီဒီယာ၏ သိသာထင်ရှားသည့် အာရုံစိုက်မှုရရှိခဲ့ပြီး ထို့နောက်တွင် နိုင်ငံတော်အစိုးရသည် ဂုဏ်သိက္ခာပြန်လည်ရရှိရေးအတွက် အစီအမံများကို ဆောင်ရွက်ခဲ့ရာ ဒေသခံအာဏာပိုင်များက ရွာသူရွာသားများအားဆိုင်းဘုတ်များကိုဖယ်ရှားပစ်ရန် အမိန့်ပေးခဲ့သည်။ မည်သို့ပင်ဖြစ်စေကာမူ မွတ်စလင်များကို ထိုရွာများမှတားမြစ်သော အလေ့အထသည် ဆိုးဝါးစွာရှိနေပြီးအာဏာပိုင် များမှ တိတ်တဆိတ်ထောက်ပံ့နေသည် ၉ ။
ဂ (၂)။ ဘာသာရေးကိုးကွယ်မှု သို့မဟုတ် ကိုးကွယ်ယုံကြည်မှုဆိုင်ရာ လွတ်လပ်ခွင့်
၁၃။ လွတ်လပ်စွာ ကိုးကွယ်ခြင်းနှင့် သက်ဝင်ယုံကြည်ခြင်းဆိုင်ရာ အခြေခံကျသောအခွင့်အရေးများသည်အပြည်ပြည်ဆိုင်ရာဥပဒေကျင့်ထုံးအဖြစ် ကျယ်ပြန့်စွာ အသိအမှတ်ပြုထားသည်။ ထို့ကြောင့် မြန်မာနိုင်ငံသည်အပြည်ပြည်ဆိုင်ရာ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာစာချုပ် (ICCPR)တွင် လက်မှတ်ရေးထိုးထားသောနိုင်ငံ မဟုတ်သေးသော်လည်း လွတ်လပ်စွာကိုးကွယ်ခွင့်နှင့် သက်ဝင်ယုံကြည်ခွင့်ကို အပြည့်အ၀ လေးစားရန်နှင့်ကာကွယ်ရန် တာဝန်ရှိသည်။ CRC၏ အပိုဒ် ၁၄ နှင့် ၃၀တွင်ပါရှိသော ကလေးသူငယ်များအတွက် ဤအခွင့်အရေးကို လေးစားရန်၊ ကာကွယ်ရန်နှင့် မြင့်တင်ရန် တာဝန်ရှိသည် ၁၀ ။
၁၄။ မြန်မာနိုင်ငံသည် UPR၏ ဒုတိယအကြိမ်တင်ပြချက်တွင် ပါဝင်သော အပုဒ် (၁၄၃.၉၇) တွင်တိုင်းရင်းသား လူနည်းစုနှင့် ဘာသာရေးဆိုင်ရာ လူနည်းစုနှင့် သက်ဆိုင်သော ပုဂ္ဂိုလ်များ၏ လွတ်လပ်စွာ ကိုးကွယ်ခြင်း သို့မဟုတ်သက်ဝင်ယုံကြည်ခြင်း နှင့် လူ့အခွင့်အရေးများကို အပြည့်အဝလေးစားရန် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေ နှင့်အညီ သေချာဆောင်ရွက်ခြင်း နှင့် အပုဒ် (၁၄၃.၉၅)တွင် ကိုးကွယ်ဝတ်ပြုသည့်နေရာများနှင့် သင်္ချိုင်းများကို ဖျက်ဆီးခြင်းမှ ကာကွယ်ရန် အပါအဝင် သက်ဆိုင်ရာ အကြံပြုချက်များကို ထောက်ခံခဲ့သည် ၁၁။ယနေ့အချိန်အထိ အစိုးရသည် အဆိုပါထောက်ခံချက်များကို အကောင်အထည်ဖော်ဆောင်ရန် ပျက်ကွက်ပြီး လျစ်လျှူရှုခဲ့ပါသည်။
၁၅။ မကြာသေးမှီနှစ်များတွင် မြန်မာနိုင်ငံတစ်ဝန်းတွင်ရှိသော ဗလီများနှင့် အစ္စလာမ်ဘာသာရေး စာသင်ကျောင်းများ ကို တားမြစ်ခြင်း၊ ပိတ်ပစ်ခြင်း၊ ဖျက်ဆီးပစ်ခြင်းပင် ခံခဲ့ရသည်။ အာဏာပိုင်များက လူစုလူဝေး အကြမ်းဖက်မှုများကြောင့် ပျက်စီးသွားသောဗလီများ ကိုပြုပြင်ထိန်းသိမ်းရန်အတွက် မွတ်စလင်များအား ခွင့်ပြုရန်ငြင်းပယ်ခဲ့ကြသည်။ ထိုကဲ့သိုသော လုပ်ဆောင်ချက်များသည် ရပ်ရွာအသိုက်အဝန်းတွင် အများနှင့် ၎င်းတို့၏သက်ဝင်ယုံကြည်မှုကို ကျင့်သုံးရန်ရည်ရွယ်ချက် အတွက် ဝတ်ပြုကိုးကွယ်သည့်နေရာကို ထိမ်းသိမ်းရန်မွတ်စလင်များ၏ လူ့အခွင့်အရေးများကို ချိုးဖောက်ရာကျပါသည်။
၁၆။ ၂၀၁၉ ခုနှစ်တွင် မကွေးတိုင်း ချောက်မြို့နယ်မှ အာဏာပိုင်များသည် မြို့တွင် ရှိသော ဗလီနှစ်ခုတွင်ပြန်လည် ဝတ်ပြုကိုးကွယ်ခြင်းကိုခွင့်ပြုရန် ဒေသန္တရ အစိုးရ၏ဆုံးဖြတ်ချက်ကို လူထုမဲစနစ်ဖြင့် အကောင်ထည်ဖော်ဆောင်ရွက်ရန် ငြင်းပယ်ခဲ့သည်။ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလအထိ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ် တို့တွင်တည်ရှိသော ဗလီကျောင်းနှင့် ဘာသာရေးစာသင်ကျောင်း တစ်ဆယ့်နှစ်ကျောင်းတို့ကို ဒေသန္တရအာဏာပိုင်များက ပိတ်ပစ်ခဲ့ကြပါသည်။ ၂၀၁၇ ခုနှစ်တွင် ရန်ကုန်နှင့် မန္တလေးမြို့တွင်တည်ရှိသော ဗလီကျောင်း နှင့် ဘာသာရေး စာသင်ကျောင်း တစ်ဆယ့်လေးကျောင်းတို့ကို အာဏာပိုင်များက ဖွင့်လှစ်နေခြင်းမှ ပိတ်ပင်ခဲ့ကြပါသည်။ ၎င်းနှစ် ဩဂုတ်လတွင် ရန်ကုန်တိုင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှမွတ်စလင်များအား ဗလီများ၊ အစ္စလာမ်ဘာသာရေး စာသင်ကျောင်းများနှင့် ကိုယ်ပိုင်နေအိမ်များတွင် ဝတ်ပြုကိုးကွယ်ခြင်း၊ဘာသာရေးဆိုင်ရာ သင်ခန်းစာများသင်ကြားခြင်းမှ ရှောင်ရှားရန် အမိန့်ထုတ်ပြန်ခဲ့ပါသည်။ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လတွင် ပဲခူးတိုင်းဒေသ၊ ဝေါမြို့နယ်၊ သူရဲသမိန်းရွာတွင် ရှိသော ဗလီကျောင်းတစ်ကျောင်း နှင့်ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းမြို့တွင် တည်ရှိသော ဗလီကျောင်း တစ်ကျောင်းတို့ကို ဖြိုဖျက်ခဲ့ပါသည်၁၂။
၁၇။ BHRN သည်အမျိုးသားရေးအစွန်းရောက်ဗုဒ္ဓဘာသာအသင်းအဖွဲ့များဖြစ်သော မဘသ၊ မြန်မာ့အမျိုးသားရေး ကွန်ရက် ၊ မျိုးချစ်ရဟန်းတော်များအသင်းများမှ အခွင့်အာဏာရှိသူများက မွတ်စလင်များကို ဘာသာရေးဆိုင်ရာ နေ့ထူး နေ့မြတ်များကို ကျင်းပခြင်းမှ တားမြစ်ထားသော အဖြစ်အပျက်များကို အချက်အလက် ပြုစုခဲ့ပြီးဖြစ်ပါသည်။ ၂၀၁၇ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နှင့် ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်တို့တွင်မဟာတမန်တော်နေ့ အထိမ်းအမှတ်အဖြစ်ကျင်းပသော အခမ်းအနားနှစ်ခုအား ကနဦးတွင် ကျင်းပခွင့်ပြုခဲ့သော်လည်း ဒေသခံ အမျိုးသားရေး အစွန်းရောက်အသင်းအဖွဲ့မှ ဖိအားပေး၍ ကျင်းပရန် ဖျက်သိမ်းခဲ့ရပါသည် ၁၃ ။
ဂ (၃)။ နိုင်ငံသားဖြစ်ခွင့်နှင့် နိုင်ငံမဲ့ဖြစ်ခြင်း အန္တရာယ်
၁၈။ UDHR သည် ဥပဒေအရ စည်းနောင်မှုမရှိသော်လည်း ၎င်း၏ပြဌာန်းချက်အများစုသည် နိုင်ငံတကာဆိုင်ရာဥပဒေကျင့်ထုံးများအပေါ်တွင် အခြေခံထားပြီး မြန်မာနိုင်ငံအပါအဝင် လက်မှတ် ရေးထိုးထားသော နိုင်ငံအားလုံးအပေါ် အကျုံးဝင် သက်ရောက်ပါသည်။ ၎င်းပြဌာန်းချက်၏ အပိုဒ် ၁၅တွင် နိုင်ငံသားအဖြစ်ခံယူခွင့်ရှိခြင်းနှင့်နိုင်ငံသားဖြစ်ခြင်းမှ တရားမဝင် သို့မဟုတ် ခွဲခြားဆက်ဆံစွာရုတ်သိမ်းခြင်းမှကာကွယ်ထားခြင်းတို့ပါဝင်သည်။ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် CRC ၏အပိုဒ် (၇) နှင့် (၈)၊ CEDAW၏ အပိုဒ် (၉)၊ CRPD၏ အပိုဒ် (၁၈) အရနိုင်ငံသားဖြစ်ခြင်း အခွင့်အရေး များကို လေးစားရန်၊ ကာကွယ်ရန်နှင့် မြင့်တင်ရန် တရားဝင်လက်ခံကျင့်သုံးရန်ဖော်ပြထားပါသည် ၁၄။
၁၉။ နိုင်ငံသားဖြစ်မှုကို တရားမမျှတစွာ သို့မဟုတ် ခွဲခြားစွာ ငြင်းပယ်ခြင်း သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦး၏နိုင်ငံသား ဖြစ်မှုကို ရုတ်သိမ်းမှုတို့သည် တိုင်းပြည်မဲ့ ဖြစ်စေသည့် အန္တရာယ်သို့ တွန်းပို့လေ့ရှိပြီး အခြားအခွင့်အရေးများကို ခံစားပိုင်ခွင့်နှင့် ဆက်လျဉ်း၍ ရှည်ကြာသော ပြင်းထန်သည့် နောက်ဆက်တွဲဆိုးကျိုးများကို ဖြစ်ပေါ်စေလေ့ရှိသည်။ ပထမအကြိမ်တင်ပြမှု(previous cycle)တွင် သဘောတူစာချုပ်၌ ပါဝင်သော နိုင်ငံများသည် တိုင်းပြည်မဲ့ခြင်းနှင့် မွေးဖွားစာရင်း ရရှိရန်ခက်ခဲခြင်း ကဲ့သို့သော ကိစ္စရပ်များကို ရပ်တန့်နိုင်စေရန် အကြံပြုချက် (၁၉) ချက်ထုတ်ပြန်ခဲ့ သော်လည်း မြန်မာနိုင်ငံအနေဖြင့် ထိုအကြံပြုချက်များမှ အချက် (၁)ချက်ကိုသာ လက်ခံခဲ့ပါသည်။သို့ရာတွင် ဤအကြံပြုချက်သည် နိုင်ငံသားဖြစ်ခွင့်နှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစံချိန်စံညွှန်းအပေါ် ကိုးကားခြင်းမရှိခဲ့ပါ ၁၅။
၂၀။ မြန်မာနိုင်ငံတွင်ရှိသော မွတ်စလင်ရိုဟင်ဂျာအများစုသည် နိုင်ငံသားဖြစ်ခွင့်မှ ခွဲခြားကျင်ဖယ်ခံထားရသည်ကို BHRN အပါအဝင် အဖွဲ့အစည်းများစွာက လွန်ခဲ့သော ဆယ်စုနှစ်ပေါင်းများစွာ ကတည်းက သေချာစွာမှတ်တမ်း တင်ထားပြီး ဖြစ်ပါသည်။ ရိုဟင်ဂျာမဟုတ်သော အခြားမွတ်စလင်အသိုင်းအဝန်းများကလည်း နိုင်ငံသားဖြစ်ခွင့်ငြင်းပယ်ခြင်းကို ကြုံတွေ့နေကြရသည်။
၂၁။ BHRN မှ ၂၀၁၈ခုနှစ်တွင်ပြုစုထားသောသုသေတနက မဲဆောက်(မြန်မာနယ်စပ်တွင်တည်ရှိသောယိုးဒယားရွာ) တွင်နေထိုင်ကြသော အင်တာဗျူးဖြေဆိုထားသည့် မြန်မာမွတ်စလင်များ၏ ၈၀ ရာခိုင်နှုန်းသည်နိုင်ငံသားဆိုင်ရာ စာရွက်စာတမ်းမရှိကြပေ။ အများစုသည် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်း တို့မှ ဖြစ်ကြပြီး ဘာသာရေး ကြောင့်ဖြစ်ပွားသော သတ်ဖြတ်မှုများနှင့်ညှင်းပန်းနှိပ်စက်ခြင်းတို့ကြောင့် ထွက်ပြေးလွတ်မြောက်လာပြီးနောက် မဲဆောက်တွင် နှစ်ပေါင်းများစွာ နေထိုင်လာကြသူများဖြစ်သည်။ထိုသူများအားလုံးသည် မြန်မာနိုင်ငံတွင်မွေးဖွား ကြသူများဖြစ်ပြီး ဘိုးဘေးများသည်လည်း နိုင်ငံရပ်ခြားတွင်မွေးဖွား၍ နေထိုင်ကြသည်ဟု မှတ်တမ်းမရှိချေ။ ဤမြန်မာမွတ်စလင်များသည် အနည်းဆုံး ၎င်းတို့၏မိသားစုတွင် မျိုးဆက်နှစ်ခုတိုင်အောင် နိုင်ငံမဲ့ဖြစ်နေခဲ့ကြသည်။ ထိုသူတို့သည် သာမာန်ထက်နှစ်ဆထိခိုက်လွယ်သည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံသားဖြစ်ကြောင်း စာရွက်စာတမ်းများသည် ထိုင်းနိုင်ငံတွင် အထောက်အထားလျှောက်ထားသောအခါ လိုအပ်သောကြောင့်ဖြစ်သည်။ ၎င်းတို့၏ နိုင်ငံနှစ်နိုင်ငံလုံးတွင် စာရွက်စာတမ်းများမရှိခြင်းသည် ၎င်းတို့အား လူကုန်ကူးမှုနှင့် အခြားသော ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်း အန္တရာယ်အမျိုးမျိုးကြုံတွေ့စေပါသည်၁၆။
၂၂။ ၂၀၂၀ခုနှစ် မတ်လတွင် BHRNသည် မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်ရှိ မွတ်စလင်အသိုက်အဝန်းအတွင်းတွင် နောက်ဆက်တွဲ သုသေတနကို ဆောင်ရွက်ခဲ့ပါသည်။ အင်တာဗျူးဖြေဆိုထားသောသူများတွင် (၁၀) ရာခိုင်နှုန်း သည် (၁၉၈၂) နိုင်ငံသားဥပဒေ (တွင် ဘင်္ဂါလီဟု သတ်မှတ်ခြင်း) အာဏာသက်ရောက်မှုအောက်တွင်ထုတ်ပေးသော ပန်းရောင်နိုင်ငံသားစိစစ်ရေးကဒ်ကို ကိုင်ဆောင်ထားပြီး ၅၀ ရာခိုင်နှုန်းမျှသာ သုံးခေါက်ချိုးဖြစ်သော နိုင်ငံသား စိစစ်ရေးကဒ် (NRC)ကို ကိုင်ဆောင်ထားပါသည်။ ၄၀ ရာခိုင်နှုန်းကမူ နိုင်ငံသားဖြစ်ခြင်း သို့မဟုတ်ကိုယ်ရေးဆိုင်ရာ စာရွက်စာတမ်းကိုင်ဆောင်ထားခြင်း လုံးဝမရှိချေ။
၂၃။ ၂၀၁၅ခုနှစ်တွင် အာဏာပိုင်များက NRCထုတ်ပေးခြင်းကို ရပ်တန့်လိုက်သည်ဟု ကျိုက်မရော မွတ်စလင် အသိုက်အဝန်းအသင်းအဖွဲ့ဝင်များက အစီရင်ခံထားသည်။ NRC သည် မူလတွင်မူ ၁၉၄၈ နိုင်ငံသားပြုမှုအက်ဥပဒေ အောက်တွင် ထုတ်ပေးခြင်းဖြစ်သည်။ ၁၉၄၈ ဥပဒေ၏ အပိုဒ် ၄ တွင် မည်သူတစ်ဦးတစ်ယောက်မဆိုပြည်ထောင်စု နိုင်ငံတော်အတွင်းတွင် မွေးဖွားပြီး ပြည်ထောင်စုမြန်မာနိုင်ငံ၏ နယ်နမိတ်အတွင်းတွင် မျိုးဆက်နှစ်ဆက်ထိ နေထိုင်ခဲ့သော မိသားစုမှဖြစ်လျှင် နိုင်ငံသားဖြစ်ခွင့်ကို အလိုအလျှောက်ရမည်ဟူ၍ဖော်ပြထားပါသည်။၁၉၈၂ ဥပဒေ၏ အပိုဒ်၆တွင် မည်သူတစ်ဦးတစ်ယောက်မဆို ဥပဒေအသစ်စတင်ကျင့်သုံးစဉ်အတွင်းတွင်နိုင်ငံသားအဖြစ်တည်ရှိနေပါက ဆက်လက်၍ နိုင်ငံသားဖြစ်နေမည်ဟုဖော်ပြထားပါသည်။ ယေဘုယျအားဖြင့် ၁၉၄၈ ဥပဒေအရ နိုင်ငံသားစိစစ်ရေးကဒ် (NRC) ကိုင်ဆောင်ထားသောသူကို ပန်းရောင် (CSC) ထုတ်ပေးမည်ဖြစ်သည်။ အသက် ၁၈၊ ၃၀ သို့မဟုတ် ၄၅ နှစ် ပြည့်၍ ၎င်းတို့၏မှတ်ပုံတင်ကဒ်အား အသစ်ထပ်မံထုတ်ပေးရာတွင်လည်း ၁၉၈၂ ဥပဒေအရဆောင်ရွက်ပေးရမည်ဖြစ်ပါသည်၁၇။ သို့ရာတွင် ကျိုက်မရော တွင်ရှိသော မွတ်စလင်အသိုက်အဝန်းသည် ခွဲခြားဆက်ဆံခြင်းဆိုင်ရာ အတားအဆီးအခက်အခဲ အမြောက်အများကို ကြုံတွေ့ရပြီး ဤအခက်အခဲအတားအဆီးများသည် ထိုသူတို့၏ နိုင်ငံသားဖြစ်မှုကို အလွန်ခက်ခဲ စေပါသည်။
၂၄။ ကျိုက်မရော တွင်နေထိုင်သော ဗုဒ္ဓဘာသာဝင်လျှောက်ထားသူများသည်CSC ကို မြို့နယ်အဆင့်တွင်အခက်အခဲ မရှိဘဲဆောင်ရွက်ပြီးစီးနိုင်သည်ကို BHRN ကတွေ့ရှိခဲ့ပါသည်။ သို့ရာတွင် မွတ်စလင်လျှောက်ထားသူများကမူ မြို့နယ် အဆင့်၊ ခရိုင်အဆင့်၊ တိုင်းဒေသကြီးနှင့်ပြည်ထောင်စုအဆင့်ထိပါ ကျော်ဖြတ်ရပြီး ၎င်းတို့သည် ၆လ သို့မဟုတ် ထိုအချိန်ထက်ပိုကြာမြင့်စွာ စောင့်ဆိုင်းကြရသည်။ ပုံမှန်အားဖြင့် ၎င်းတို့သည်၎င်းတို့၏လျှောက်ထားခြင်းကို မြို့နယ် အဆင့်တွင် သေချာဆောင်ရွက်ပေးရန် ငွေ၄၀၀၀၀၀-၆၀၀၀၀၀ကျပ်ခန့်(USD$၂၉၀-၄၃၈ခန့်) ကုန်ကျခံပြီး ပွဲစားများကို ငှားရမ်းရန်မှလွှဲ၍ အခြားသောနည်းလမ်းမရှိဘဲ ဖြစ်နေကြပါသည်။ ဤကုန်ကျစရိတ်သည် မိသားစုအများစုတတ်နိုင် သည်ထက် ပိုသောငွေပမာဏဖြစ်ပါသည်။ မွတ်စလင်များသည်၎င်းတို့၏လျှောက်ထားခြင်းကို ပြီးမြောက်အောင် ဆောင်ရွက်ရာတွင် ၎င်းတို့၏ ကိုယ်ပိုင်လူမျိုးစုဖြစ်သော မွန်၊ ကရင် သို့မဟုတ် ဗမာလူမျိုးစုတို့အစား ဘင်္ဂါလီ သို့မဟုတ် ကျိုလီယာ (တမီးလ်) သို့မဟုတ် ပြည်ပလူမျိုးစု များအဖြစ် အတင်းအကျပ်ဖော်ပြခြင်းခံရသည်ကို အစီရင်ခံထားပါသည်။ BHRN ကတိုင်းပြည်မဲ့ဖြစ်နေသူများတွင် အင်တာဗျူးထားသူများထဲမှ ၄၀ရာခိုင်နှုန်းသည် ထိုကဲ့သို့သော ခွဲခြား ဆက်ဆံခြင်း အလေ့အထများကို ပြန်လည်ပြောဆိုထားပါသည်။ ခွဲခြားဆက်ဆံခြင်းဖြစ်စေသော ဥပဒေများ၊ ပေါ်လစီများနှင့် အလေ့အထများကိုတရားဝင်ပြောင်းလဲထားသော်လည်း ကျိုက်မရော ရပ်ရွာအသိုက်အဝန်းတွင်ရှိသော မွတ်စလင်များအကြားတွင်မျိုးရိုးစဉ်ဆက် တိုင်းပြည်မဲ့ခြင်းအန္တရယ်သည် ပြင်းထန်ရုံသာမက တိုးမြင့်လာပါသည်။
ဃ။ အကြံပြုချက်များ
၂၅။ BHRN သည် ၂၀၂၃ ခုနှစ် UPRတတိယအကြိမ် နှစ်လည်သုံးသပ်ခြင်းဆောင်ရွက်သောအခါတွင် အောက်ပါ အကြံပြုချက်များကို အကောင်အထည်ဖော်ရန် တိုက်တွန်းထားပါသည်။
၂၆။ ၁၉၈၂ နိုင်ငံသားဥပဒေ၊ အဆိုပါ ဥပဒေနှင့် သက်ဆိုင်သော နည်းဥပဒေများနှင့် အရပ်ဘက်ဝန်ဆောင်မှု ညွှန်ကြားချက်များကိုပါ ဖျက်သိမ်းရန်။ ၎င်းတို့အား အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး တာဝန်ဝတ္တရားပြဌန်းချက်များ မြန်မာနိုင်ငံ၏ တာဝန်ဝတ္တရားနှင့်အညီ နိုင်ငံသားဖြစ်မှုဥပဒေအသစ်၊ စည်းမျဉ်းစည်းကမ်းများကို အကောင်ထည်ဖော်ခြင်း အစိုးရဝန်ထမ်းများအတွက် ရှင်းလင်းပြတ်သားသော လမ်းညွှန်ချက်များဖြင့် အစားထိုးဆောင်ရွက်ရန်။ ဤဥပဒေသစ် အောက်တွင် လူနည်းစုအသိုက်အဝန်းအဖွဲ့ဝင်များအား နိုင်ငံသားဖြစ်စေခြင်း ဥပဒေသစ်ကိုစတင်ကျင့်သုံးရန်။
၂၇။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစံချိန်စံနှုန်းနှင့်အညီ နိုင်ငံသားဖြစ်ခွင့်နှင့် အမျိုးသားမှတ်ပုံတင်နှင့်နိုင်ငံသား ဖြစ်ခြင်းစာရွက်စာတမ်းများကို ထုတ်ပေးခြင်းကို အခြေခံကျသောတရားဝင် အုပ်ချုပ်ရေးမူဘောင်များကို စနစ်တကျ မွမ်းမံခြင်းကို ဆောင်ရွက်ရန်။ အသစ်အဆိုပြုထားသော ‘Smart’ ID ကဒ် အပါအဝင် တိုင်းရင်းသားနှင့် ဘာသာရေး သတ်မှတ်ခြင်း တရားဝင်မှတ်တမ်းများကို ဖယ်ရှားရန်။
၂၈။ ပြည်နယ်၊ တိုင်း နှင့် ပြည်ထောင်စုအဆင့်များတွင်ရှိသော အစိုးရဝန်ထမ်းများအတွက် တန်းတူညီမျှမှု၊ခွဲခြား ဆက်ဆံမှုမရှိခြင်းကဲ့သိုသော ပင်မလူ့အခွင့်အရေးများကို အခြေခံထားသော အစိုးရဝန်ထမ်းများ သင်တန်းအစီအစဉ်ကို စီစဉ်ဆောင်ရွက်ရန် OHCHRမှ နည်းပညာနှင့်ပတ်သက်သော ပံ့ပိုးမှုကို ရယူရန်။
၂၉။ ခွဲခြားဆက်ဆံခြင်း၊ ရန်လိုမုန်းတီးမှု သို့မဟုတ် အကြမ်းဖက်မှုများကို ဖြစ်ပေါ်စေသည့် အမျိုးသားရေး၊လူမျိုးရေး၊ ဘာသာရေးမုန်းတီးမှုများကို ထောက်ခံအားပေးခြင်းကို တားမြစ်ခြင်းအပေါ် ပြည့်စုံသော အကြံပြုချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန်။
၃၀။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားနှင့်အညီ အမျိုးသာသနာကွယ်စောင့်ရှောက်ရေးဥပဒေ (၄)ခုကို ဖျက်သိမ်းရန်နှင့် ဘာသာရေးနှင့် သက်ဝင်ယုံကြည်မှုလွတ်လပ်ခွင့်ကို ကန့်သတ်ထားသော အခြားသော ဥပဒေများ၊ ပေါ်လစီများနှင့် အလေ့အထများကို ပြန်လည်သုံးသပ်၍ ပြင်ဆင်ရန်။ ၎င်းသည် ဘာသာရေးလူနည်းစု အသိုက်အဝန်းများအတွက် ၎င်းတို့၏ လိုအပ်ချက်နှင့်သင့်လျှော်သော ဝတ်ပြုကိုးကွယ်ရာအဆောက်အအုံများကို ပြန်လည်ဖွင့်ရန်၊ ပြင်ဆင်ရန်၊ ပြန်လည်ပြုပြင်ရန်နှင့် တည်ဆောက်ခွင့်တို့ ပါဝင်သည်။
ကိုးကား
၁။ ကုမ္ပဏီမှတ်ပုံတင်အမှတ် 09633796။ ဇွန်လ ၁၁ရက်နေ့ ၂၀၁၅ ခုနှစ်တွင် စတင်တည်ထောင်ဖွဲစည်းပြီး ရှယ်ယာ ဖြင့်ဖွဲ့စည်းထားခြင်းမရှိသော ပရိုက်ဗိတ်လိမိတက် ကုမ္ပဏီဖြစ်သည်။
၂။ CRC (၁၅၇၇) UNTS ၃။ မြန်မာနိုင်ငံသည် CRCကို ၁၉၉၁ ခုနှစ်တွင် သဘောတူညီခဲ့ပြီး CRC၏လက်နက်ကိုင် ပဋ္ဋိပက္ခတွင် ကလေးသူငယ်များပါဝင်မှု နောက်ဆက်တွဲ စာချုပ်ကို ၂၀၁၉တွင်လည်းကောင်းကလေးအခွင့်အရေး စာချုပ်၏ နောက်ဆက်တွဲစာချုပ်ဖြစ်သည့် ကလေးများအားရောင်းချခြင်း၊ ကလေးပြည့်တန်ဆာနှင့် ကလေးညစ်ညမ်း စာပေများဆိုင်ရာစာချုပ်ကို ၂၀၁၂ခုနှစ်တွင်လည်းကောင်း အတည်ပြုလက်မှတ်ရေးထိုးခဲ့သည်။ CEDAW ၁၂၄၉ UNTS ၁၃။ မြန်မာနိုင်ငံသ CEDAW ကို ၁၉၉၇တွင် သဘောတူညီခဲ့သည်။ မြန်မာနိုင်ငံသည် CRPD ကို၂၀၁၁တွင် သဘော တူညီခဲ့သည်။ CEDAW ICESCR ၉၉၃ UNTS၃။မြန်မာနိုင်ငံသည် ICESCR ကို ၂၀၁၅ တွင် သဘောတူညီခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် သဘောတူညီစာချုပ် လက်မှတ်ရေးထိုးခဲ့သည်။ မြန်မာနိုင်ငံသည် အထက်ပါစာချုပ်များနှင့်စပ်လျဉ်း၍ တစ်ဦးချင်း တိုင်ကြားချက်များနှင့် စုံစမ်းစစ်ဆေးခြင်း လုပ်ထုံးလုပ်နည်းများကို လက်မခံခဲ့ချေ။
၃။ BHRN၊ ‘တည်ရှိမှုငြင်းပယ်ခံရခြင်း’(၂၀၁၈) ၁၄-၁၅၊ အပြည်ပြည်ဆိုင်ရာ ဥပဒေကော်မရှင်’၊ ‘မြန်မာနိုင်ငံတွင် နိုင်ငံသားဖြစ်ခြင်းနှင့် လူ့အခွင့်အရေးများ : ဥပဒေပြင်ဆင်ခြင်းသည် အဘယ်ကြောင့်အရေးပေါ်နှင့် ဖြစ်နိုင်ရသနည်း - ဥပဒေရေးရာ ရှင်းတမ်း’ (၂၀၁၉၊ ဇွန်လ) ၂၊၄၊၁၀၊၁၂-၁၃။
၄။ ကမ္ဘာ့ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ‘တစ်ကမ္ဘာလုံးဆိုင်ရာပုံမှန် ပြန်လည်သုံးသပ်ခြင်း-မြန်မာနိုင်ငံတွင် လုပ်ဆောင်နေသောအဖွဲ့ (working group) ၏ အစီရင်ခံစာ’(ဒီဇင်ဘာ ၂၃၊ ၂၀၁၅) UN DocA/HRC/ ၃၁/ ၁၄၁၇။
၅။ BHRN၊ ‘တည်ရှိမှုငြင်းပယ်ခံရခြင်း’op cit ၁၅၊ BHRN၊ ခွဲခြားဆက်ဆံခြင်းနှင့်ချစားမှုပရောဂမြန်မာ့ပတ်စ်ပို့စ်စနစ် (၂၀၁၈၊ ဇွန်လ) ၄-၅
၆။ ibid ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေကော်မရှင်၊ မြန်မာနိုင်ငံတွင် နိုင်ငံသားဖြစ်ခြင်းနှင့် လူ့အခွင့်အရေးများ op cit ၂။
၇။ BHRN ကထုတ်ဝေထားသော ‘နိုင်ငံသားမှတ်ပုံတင်ခြင်းဖြစ်စဉ်တွင် လူနည်းစုအုပ်စုများက ကြုံတွေ့ရသောခွဲခြားဆက်ဆံခံရခြင်းနှင့် အတင်းအကျပ်လုပ်ဆောင်ခံရခြင်းအပေါ် တင်ပြချက်’နှင့်အတူ နောက်ဆုံးရသတင်း အချက်အလက်ပါဝင်သည် (၂၀၁၉ခုနှစ် မတ်လ)။
၈။ BHRN၊ ‘ခွဲခြားဆက်ဆံခြင်းနှင့် ချစားမှုများ’op cit ၄-၉။
၉။ ‘မြန်မာနိုင်ငံတွင်ရှိသော မွတ်စလင်များအား ညှင်းပန်းနှိပ်စက်ခြင်း’(၂၀၁၇) ၇။ ၄၃-၄၄; BHRN၊ BHRN ၏ရှင်းလင်းချက်: မြန်မာနိုင်ငံတွင် ဘာသာရေးဆိုင်ရာ လွတ်လပ်ခွင့် တင်ပြချက်’ (၂၀၁၈ ခုနှစ်အောက်တိုဘာလ)၁၁-၁၂။
၁၀။ Walter, ‘ဘာသာရေး သို့မဟုတ် ကိုးကွယ်ယုံကြည်မှု၊ လွတ်လပ်ခွင့်၊ အပြည်ပြည်ဆိုင်ရာ အကာအကွယ်’၊အပြည်ပြည်ဆိုင်ရာ လူထုဥပဒေ၏ Max Planck Encyclopedia (OUP ၊ ၂၀၀၈တွင် နောက်ဆုံးမွမ်းမံထားသည်) [၈]။
၁၁။ ကမ္ဘာ့ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ‘ တစ်ကမ္ဘာလုံးဆိုင်ရာပုံမှန် ပြန်လည်သုံးသပ်ခြင်း-မြန်မာနိုင်ငံအတွင် လုပ်ဆောင်နေသောအဖွဲ့ (working group) ၏ အစီရင်ခံစာ’(ဒီဇင်ဘာ ၂၃၊ ၂၀၁၅) UN DocA/HRC/ ၃၁/ ၁၃၁၂ [၁၄၃]။
၁၂။ BHRN ၊ ‘မြန်မာနိုင်ငံတွင်ရှိသော မွတ်စလင်များအား ညှင်းပန်းနှိပ်စက်ခြင်း’၊ op cit ၇၊ ၂၅-၂၈; BHRN ၏ ရှင်းလင်းချက်: မြန်မာနိုင်ငံတွင် ဘာသာရေးဆိုင်ရာ လွတ်လပ်ခွင့် တင်ပြချက်’ op cit ၁-၂ အခြေခံကျသောအခွင့်အရေး များကို မဲခွဲ၍မရနိုင်ပါ (၂၀၁၉ ခုနှစ် ဧပြီလ)။
၁၃။ BHRN ၊ ‘ မြန်မာနိုင်ငံတွင်ရှိသော မွတ်စလင်များအား ညှင်းပန်းနှိပ်စက်ခြင်း ’၊ op cit ၃၁-၃၂။
၁၄။ အပြည်ပြည်ဆိုင်ရာ ဥပဒေကော်မရှင်၊ မြန်မာနိုင်ငံတွင် နိုင်ငံသားဖြစ်ခြင်းနှင့် လူ့အခွင့်အရေးများ op cit ၅-၆။
၁၅။ ကုလသမဂ္ဂအထွေထွေညီလာခံ၊ တိုင်းပြည်မဲ့ခြင်း လူနည်းစုပြဿနာများဖြစ်သည့် လူနည်းစုကိစ္စရပ်များအပေါ် အထူးစီရင်ခံချက် (၂၀၁၈၊ဇူလိုင်လ၂၀) နိုင်ငံသားဖြစ်ခွင့်နှင့် တရားဝင်နိုင်ငံသားမဖြစ်ခြင်းအကြံပြုချက်များနှင့် သတင်း အချက်အလက်ကို <https://upr-info-database.uwazi.io/> accessed 26 June 2020; France: Accelerate citizenship verification processes so that populations now deprived of identity documents do not remain in an illegal situation. တွင်ကြည့်ရှုနိုင်ပါသည်။
၁၆။ BHRN၊ ‘တည်ရှိမှုငြင်းပယ်ခံရခြင်း’ op cit ၈၊ ၁၈-၂၁။
၁၇။ Justice Base မြန်မာနိုင်ငံတွင် နိုင်ငံသားဖြစ်တည်မှုနှင့် စာရွက်စာတမ်းများနှင့်ပတ်သက်၍ တရားဝင် လမ်းညွှန်မှု (၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ) ၆၊၁၀။

