အမျိုးသားရေးလှုပ်ရှားသူများအပါအဝင် လူမျိုးရေး၊ ဘာသာရေး အမုန်းစကားများ ရေးသားဖြန့်ချီနေသော Facebook, Telegram, VK စသည့် လူမှုကွန်ရက်စာမျက်နှာရှိ အကောင့်များနှင့် ဂရုများ၊ စစ်ကောင်စီထုတ်သတင်းစာများ နှင့် စစ်တပ်ကျောထောက်နောက်ခံပြု အမျိုးသားရေးလှုပ်ရှားသူများ၏ ဂျာနယ်များကိုလေ့လာစောင့်ကြည့်ထားပါသည်။ မှတ်တမ်းတင်ထားသော ဘာသာရေး၊ လူမျိုးရေး ခွဲခြားဆက်ဆံသည့် အမုန်းစကား ဖြန့်ချီမှုများအနက် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ မှ ၂၀၂၃ ဇွန်လ အတွင်းပျံ့နှံ့အားကောင်း၍ မတူညီသော ဇတ်ကြောင်းများကို ကောက်နုတ်ဖော်ပြထားပါသည်။
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အဓိပ္ပါယ်ဖွင့်ဆိုချက်
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်သည် အခြေခံကျသော လူ့အခွင့်အရေးတစ်ရပ်ဖြစ်သည်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့်ပတ်သက်ပြီး ၁၉၄၈ ခုနှစ် ကုလသမဂ္ဂအထွေထွေ ညီလာခံတွင် သဘောတူ ထုတ်ပြန်ကြေညာခဲ့သော နိုင်ငံတကာလူ့အခွင့်အရေးကြေညာစာတမ်း၏ အခြေခံကျသော လူ့အခွင့်အရေးများထဲ တစ်ပိုဒ်အပါအ၀င်အဖြစ် ထည့်သွင်းရေးသားထားသည်။ နိုင်ငံတကာလူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် (၁၉)တွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အောက်ပါအတိုင်းဖွင့်ဆိုထားသည်။
"လူတိုင်းသည် လွတ်လပ်စွာတွေးခေါ်ခွင့်နှင့် ထုတ်ဖော်ပြောကြားခွင့်ရှိသည်။ ထိုရပိုင်ခွင့်တွင် အနှောင့်အယှက် တစ်စုံတရာမရှိပဲ လွတ်လပ်စွာတွေးခေါ် ယုံကြည်နိုင်ခွင့်နှင့် သတင်းအချက်အလက်နှင့် စိတ်ကူးစိတ်သန်းများကို မည်သည့် မီဒီယာများတွင်မဆို နယ်နိမိတ် အကန့်အသတ်များမရှိပဲ လွတ်လပ်စွာ ရှာဖွေခွင့်၊ လက်ခံရရှိခွင့်နှင့် လွှဲပြောင်း ခွင့်များရှိရမည်။”
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်သည် လူ့အဖွဲ့အစည်းတစ်ခုတွင် အကြောက်တရားမရှိပဲ အတွေးအမြင်များကို လွတ်လပ်စွာဖော်ထုတ်နိုင်ရန်အတွက် အရေးပါသော အခွင့်အရေးတစ်ခုဖြစ်သည်။ ထိုနည်းတူ သတင်းအချက်အလက်များကို မီဒီယာအကန့်အသတ်မရှိပဲ ရယူပိုင်ခွင့်၊ ရှာဖွေလေ့လာခွင့်နှင့် ထုတ်ဖော်ပိုင်ခွင့်လည်းရှိသည်။ ၎င်းအပြင် နိုင်ငံတွင် အုပ်ချူပ်ခွင့်အာဏာရယူထားသော အစိုးရ၏ လုပ်ဆောင်ချက်များ တာဝန်ယူမှုများနှင့် လိုအပ်ချက်များကို ဝေဖန်ထောက်ပြ ဆွေးနွေးနိုင်ရန်အတွက်လည်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်သည် ထောက်ပံ့ပေးထားသည်။
သို့ရာတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်သည် လွတ်လပ်စွာတွေးခေါ်ခွင့်ကဲ့သို့ အကြွင်းမဲ့အခြေခံ လူ့အခွင့်အရေးမဟုတ်ပါ။ လွတ်လပ်စွာတွေးခေါ်ခွင့်ကို နိုင်ငံပိုင်အစိုးရမှ ဥပဒေများထုတ်၍ တားမြစ်နိုင်ခွင့် မရှိသော်လည်း လွတ်လပ်စွာထုတ်ဖော်ပြောကြားခွင့်ကို အချို့သောပုဂ္ဂလိက အကျိုးစီးပွါးနှင့် အများပြည်သူ အကျိုးစီးပွါးကိုထိခိုက်နိုင်သော အခြေအနေများတွင် ကန့်သတ်ချက်များကို တိကျသော အချက် သုံးချက်ပေါ်တွင်မူတည်ပြီး ပြုလုပ်နိုင်သည်။ ထိုသုံးချက်ထဲမှတစ်ချက်မှာ နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်းတွင်ပြဌာန်းထားသော အခြားသူများ အခွင့်အရေးနှင့် ဂုဏ်သိက္ခာကို ထိပါးမှုပြုလာသော အချိန်နှင့် လူထုလုံခြုံမှုကို အကာအကွယ်ပေးရန် အချိန်တို့တွင် ကန့်သတ်နိုင်သည်။
အမုန်းစကား အဓိပ္ပါယ်ဖွင့်ဆိုချက်
အမုန်းစကားသည် စိတ်ခံစားမှု အမုန်းတရားပေါ်မူတည်ပြီး ပေါ်ပေါက်လာသော စကားရပ်ဖြစ်သည့် အလျောက် အဓိပ္ပါယ်ဖွင့်ဆိုရန် ကျယ်ပြန့်ပြီး တိကျသော ဖွင့်ဆိုချက်ဟူ၍ မရှိပေ။ Article 19 အဖွဲ့အစည်းမှ ထုတ်ပြန်သော အမုန်းစကား ရှင်းပြခြင်း လက်စွဲစာအုပ်မှ ကိုးကားချက်အရ အမုန်းစကားသည် လူများကို တစ်ဦးချင်း အနေဖြင့်လည်းကောင်း အုပ်စုလိုက်အနေဖြင့်လည်းကောင်း ၎င်းတို့ ဖြစ်တည်မှုကို ဦးတည်ပြီး ထိခိုက်စေသော ခွဲခြားဆက်ဆံသည့် လူမှုရေးသွင်ပြင် လက္ခဏာများနှင့် ဖြစ်ရပ်များအပေါ်အခြေခံ၍ ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု ဖွင့်ဆိုရမည်။
သို့သော် အမုန်းစကား အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ အချိန်ကာလ၊ အခြေအနေများ၊ ဘာသာစကားပြောင်းလဲလာမှုနှင့် ဆက်စပ်၍ ပြောင်းလဲပြင်ဆင်မှုများရှိနိုင်သည်။ အချုပ်ဆိုရသော် အမုန်းစကားသည် အခြားတစ်ပါးသူအားရည်စူး၍ ခွဲခြားနှိမ့်ချသည့် အပြောအဆိုနှင့် အပြုအမူဖြစ်သည်။ ဥရောပဝန်ကြီးများ ရုံးသမဂ္ဂမှ ၁၉၉၇ ခုနှစ်တွင် ထုတ်ပြန်သော အမုန်းစကားကို အောက်ပါအတိုင်းဖွင့်ဆိုသည်။
"လူမျိုးရေးခွဲခြားမှု၊ မျက်ကန်းမျိုးချစ်နှင့် ဂျူးဆန့်ကျင်ရေးကဲ့သို့ အခြားသော မုန်းတီးမှု အခြေခံသည့် လှုံဆော်မှုများနှင့် ကွဲပြားသော လူမျိုးရေး၊ အမျိုးသား၊ ဘာသာရေး သို့မဟုတ် လူမှုရေး နောက်ခံများမှ အုပ်စုများအကြား ကြောက်ရွံ့မှုနှင့် တင်းမာမှုများကို အားကောင်းစေမည့် လှုပ်ရှားမှု သို့မဟုတ် ဘာသာစကား တို့ပါဝင်သည်။”
အမုန်းစကားတွင် တားဆီးပိတ်ပင်ရမည့် အမုန်းစကား၊ တားဆီးကန့်သတ်လိုက ကန့်သတ်နိုင်သော အမုန်းစကားနှင့် ဥပဒေအရ အရေးယူခြင်းမပြုရမည့် အမုန်းစကားဟူ၍ အမျိုးအစားသုံးမျိုးရှိသည်။ တားဆီးပိတ်ပင်ရမည့် အမုန်းစကားများကို နိုင်ငံအစိုးရများမှ ဥပဒေဖြင့် ပိတ်ပင်တားဆီးရမည်ဖြစ်ပြီး ၎င်းတို့တွင် လူမျိုးတုံးသတ်ဖြတ်မှုကိုဖြစ်စေသော တိုက်ရိုက်လှုံဆော်ပြောဆိုခြင်း၊ နိုင်ငံတကာ ရာဇဝတ်ပြစ်မှုကိုဖြစ်စေသော ခွဲခြားဆက်ဆံမှုနှင့် နှိမ့်ချလှုံဆော်ပြောဆိုမှု၊ လူမျိုး၊ အသားအရောင် ဘာသာတို့ အပေါ်အခြေခံပြီး မုန်းတီးမှုကိုဖြစ်စေသော စကားတို့ ဖြစ်သည်
သုတေသနနည်းနာ
လူမျိုးရေး၊ ဘာသာရေး အမုန်းစကားများ ရေးသားဖြန့်ချိနေသော လူမှုကွန်ရက် အကောင့်များနှင့် ဂရုများ၊ စစ်ကောင်စီထုတ်သတင်းစာများနှင့် ဂျာနယ်များကို လေ့လာစောင့်ကြည့်ထားပါသည်။ ၎င်းတို့ထဲမှ ၂၀၂၂ခုနှစ်နှင့်၂၀၂၃ ခုနှစ် ဇွန်လအတွင်း ပျံ့နှံ့အားကောင်း၍ မတူညီသော လူမျိုးရေး၊ ဘာသာရေး အမုန်းစကားများ ဇာတ်ကြောင်းများစွာကိုသာ မှတ်တမ်းတင် ပေါင်းစည်းဖော်ပြထားပါသည်။

အသေးစိတ်တွေ့ရှိချက်များ
၁ခွဲခြားဆက်ဆံမှုနှင့် အမုန်းစကားအသုံးအနှုံးများ
မြန်မာနိုင်ငံတွင် လူမှုကွန်ရက် တွင်ကျယ်စွာ အသုံးပြုလာချိန် ၂၀၁၁ ခုနှစ်ကစ အမုန်းစကားများ အထူးသဖြင့် ရိုဟင်ဂျာနှင့် မွတ်စလင်ဆန့်ကျင်ရေးများကို မြောက်များစွာ တွေ့ရှိရသည်။ ယင်းကာလမတိုင်ခင်တွင်လည်း နိုင်ငံရေးအကြပ်အတည်းကာလများတွင် စစ်အာဏာရှင်များသည် ကောလဟလသတင်းအမှားများ လူထုကြားဖြန့်၍ ဒေါသထွက်နေသော လူအုပ်ကြီးဖန်တီးကာ မွတ်စလင်များ၏ ဗလီကျောင်း၊ အိမ် စျေးဆိုင်များကို ဖျက်ဆီးခဲ့ကြသည်။ ၂၀၂၁ခုနှစ် တကျော့ပြန် စစ်အာဏာသိမ်းပြီးချိန် လူမှုကွန်ရက်တွင် လူနည်းစု ဘာသာဝင်များအပေါ် အမုန်းစကား ဖြန့်ချိမှုများကို စောင့်ကြည့်လေ့လာရာ အမျိုးသားရေးအစွန်းရောက် ဘုန်းကြီးများနှင့် လူပုဂ္ဂိုလ်များ လူနည်းစု ဘာသာဝင်များအပေါ် မုန်းတီးစေရန် ပြောကြား၊ ရေးသားမှုများနှင့် စစ်တပ်အရာရှိဟောင်းများနှင့် အစ္စလာမ်မုန်းတီးရေးဝါဒီ အစွန်းရောက်အမျိုးသားရေးသမားများ ဦးဆောင်ထုတ်ဝေသော ဂျာနယ်များတွင် အမုန်းစကားရေးသားမှုများ တဟုန်တိုးပြန်လည်မြင့် တက်လာကြောင်း တွေ့ရှိရသည်။
လူနည်းစု ဘာသာဝင်များအပေါ်ခွဲခြားသည့် အမုန်းစကား အခေါ်အဝေါ် အသုံးအနှုန်းများမှာ ရေငုတ်၊ ခရစ်၊ ဝက်မစား၊ ဘင်္ဂါလီ၊ ကုလား၊ ဂျီဟတ်၊ ခိုးဝင်၊ မွတ်ကုလား၊ ဧည့်သည်၊ မုတ်ဆိတ်၊ ကုလားဆိုး၊ မွတ်ဒေါင်း၊ အစ္စလာမ် မိုက်ဇေးရှင်း အစရှိသဖြင့်ရေးသားကြသည်ကို တွေ့ရှိခဲ့ရပါသည်။
- ၁ရေငုတ်
- နှစ်ခြင်းခံယူသော ခရစ်ယာန်ဘာသာဝင်များအားခေါ်ဝေါ်
- ၂ကုလား
- အိန္ဒိယနိုင်ငံမှ ခိုးဝင်လာသူများအဖြစ် ခွဲခြား နှိမ့်ချသော စကား
- ၃မွတ်ကုလား
- အစ္စလာမ်ဘာသာဝင် အိန္ဒိယနွယ်ဖွားများကို ခေါ်ဝေါ်
- ၄မွတ်ဒေါင်း
- NLD ပါတီဝင် မွတ်စလင်များအား နိုင်ငံရေးနဲ့ဘာသာရေး ရန်တိုက်ရာတွင် ခေါ်ဝေါ်သုံးနှုန်း
- ၅ဝက်မစား
- ကုလား အသုံးအနှုန်း ရေးသားမှုများကို Facebook AI နည်းပညာဖြင့် ပိတ်ပင် တားမြစ်ခံရပြီးနောက် Facebook AI ကို ရှောင်လွှဲသည့်အနေဖြင့် အစ္စလာမ်ဘာသာဝင်များကို ၀က်သားမစားတဲ့သူ "ဝက်မစား" အဖြစ် ပြောင်းလဲခေါ်ဝေါ်
- ၆ဘင်္ဂါလီ
- ရိုဟင်ဂျာများကို ခေါ်ဝေါ်သည့်စကား
- ၇ခိုးဝင်
- မွတ်စလင်များ အထူးသဖြင့် ရိုဟင်ဂျာများကို မြန်မာနိုင်ငံအတွင်းခိုးဝင်လာသူများအဖြစ် ခေါ်ဝေါ်သည့်စကား
- ၈ဧည့်သည်
- နိုင်ငံသား လူနည်းစုအစ္စလာမ်ဘာသာဝင်များအား နိုင်ငံခြားသား ဧည့်သည်များအဖြစ် ခွဲခြားသည့်စကား
- ၉အစ္စလာမစ်
- နိုင်ငံတကာ အကြမ်းဖက်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြောဆိုသုံးနှုန်းမှု
- ၁၀ဂျီဟတ်
- ပြည်တွင်းမွတ်စလင်များကို နိုင်ငံတကာ ဂျီဟတ်ဝါဒီများနှင့် ခိုင်းနှိုင်းပြောဆိုမှု
- ၁၁မုတ်ဆိတ်
- အစ္စလာမ်ဘာသာဝင်အမျိုးသားများ မုတ်ဆိတ်ထားသည်ကို အစွဲပြုသုံးနှုန်းသောစကား
စစ်တပ်ပိုင် သတင်းမီဒီယာနှင့် စစ်တပ် ကျောထောက်နောက်ခံပြု ဂျာနယ်များတွင်လည်းကောင်း အမျိုးသားရေးလှုပ်ရှားသူများ၏ လူမှုကွန်ရက်များတွင်လည်းကောင်း မွတ်စလင်/ အစ္စလာမ် ဆန့်ကျင်ရေးဝါဒဖြန့်လှုံ့ဆော်စာများ ရေးသားဖော်ပြခဲ့ကြပါသည်။

မြန်မာစစ်တပ်သည် ခေတ်အဆက်ဆက်အာဏာရှင်စနစ်ဖြင့် တိုင်းပြည်ကို ထိန်းချုပ်ရာတွင် လူမျိုးရေး။ ဘာသာရေး အမုန်းတရားများ သွတ်သွင်းပြီး သွေးခွဲအုပ်ချုပ်သည့်စနစ်ကို ကိုင်ဆွဲခဲ့ကြပါသည်။ ထိုသို့ လူမျိုးရေး။ ဘာသာရေး အမုန်းတရားများဝါဒ ဖြန့်ချီရာတွင် လူများစု ဗုဒ္ဓဘာသာဝင်များနှင့် လူနည်းစု အစ္စလာမ်ဘာသာဝင်များအကြား အမုန်းတရားသံသယများကြီးထွားကာ ဘာသာရေး ပဋိပက္ခများ၊ အဓိကရုဏ်းများ မဖြစ်ဖြစ်အောင်ကို လှုံဆော်ဖန်တီးရေးသားဖြန့်ချိခြင်းများကို အမြဲမပြတ် လုပ်ဆောင်နေသည်ကို တွေ့ရှိရပါသည်။ အစ္စလာမ်ဘာသာဝင်များသည် မြန်မာနိုင်ငံအား အစ္စလာမ်မစ်နိုင်ငံဖြစ်ရေး ကြိုးပမ်းနေကြသည်ဟူ၍ အစ္စလာမ်မိုက်ဇေးရှင်းဟူသော အသုံးအနှုံးသုံးကာ ဘာသာရေး အမုန်းတရားကြီးထွားအောင် ဝါဒဖြန့်လှုံဆော်ရေးသား ဟောပြောခြင်းများကို စစ်တပ်သြဇာခံ ဘုန်းကြီးများ၏ တရားပွဲများ၊ စစ်တပ်ကျောထောက်နောက်ခံ ဂျာနယ်များတွင် ရေးသားသည့် ဆောင်းပါးများ၊ စစ်လော်ဘီများ၏ အွန်လိုင်း စာမျက်နှာများပေါ်တွင် ရေးသားမှုများကို စဉ်ဆက်မပြတ်တွေ့ရှိခဲ့ရပါသည်။


၂"အစ္စလာမ်မိုက်ဇေးရှင်း အန္တရာယ်"ဟု သုံးနှုန်းထားသော အမုန်းစကားများ
မြန်မာနိုင်ငံတွင်ရောက်ရှိနေထိုင်သော ဘင်္ဂါလီများနှင့် ယင်းတို့အနွယ် အစ္စလာမ်ဘာသာဝင်များသည် မြန်မာနိုင်ငံအား အစ္စလာမ်ဘာသာဝင်နိုင်ငံဖြစ်ရေး ကြိုးပမ်းဆောင်ရွက်နေကြဟူ၍ Golden Hand ဂျာနယ် (Vol.3, No.25 -Pg.16 )ပါ “ ခိုးဝင်ဘင်္ဂါလီများနှင့် အစ္စလာမ်မစ်ဇေးရှင်းအန္တရာယ် ” ဆောင်းပါးတွင် ဆောင်းပါးရှင် စွန်ရဲ က ရေးသားထားသည်
ဆောင်းပါးရှင်က “၎င်းတို့အခြေချ နေထိုင်နိုင်ရေးအတွက် နယ်မြေလု တိုက်ပွဲများကို ၁၉၄၂ ခုနှစ်တွင် ဒေသခံ ရခိုင်လူမျိုးများအား လူမျိုးသုဉ်း သတ်ဖြတ်မှုဖြင့် စတင်ခဲ့သည်။ ထိုပဋိပက္ခကြောင့် ဒေသစွန့်ခွာခဲ့သည့် ရခိုင်တိုင်းရင်းသားကျေးရွာများတွင် တစ်ဖက်နိုင်ငံမှ မွတ်စလင်ဘင်္ဂါလီများ ကျူးကျော်နေထိုင်ခဲ့ခြင်းဖြင့် နယ်မြေလု အခြေချခဲ့ကြသည်" ဟူ၍ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များနှင့် ရခိုင်ဒေသခံ ရိုဟင်ဂျာလူမျိုးများအား တခြားတိုင်းရင်းသားလူမျိုးများနှင့် တခြားသော ဘာသာဝင်များ အထင်မှား မုန်းတီးလာစေရန် မဟုတ်မမှန်စွပ်စွဲ ရေးသားထားပါသည်။
“ယဉ်ကျေးမှုပျောက်လျှင် လူမျိုးလည်း ပျောက်မယ်အစ္စလာမ်မိုက်ဇေးရှင်းရဲ့ သားကောင်ဖြစ်ခဲ့ရတဲ့ အင်ဒိုနီးရှား ယူဂိုဆလပ်/ ကိုဆိုဗို အဖြစ်အပျက်တွေကို သင်ခန်းစာယူတတ်ဖို့ လိုပါတယ်" ဟူသည့် အမုန်း စကားရေးသားမှုတစ်ခုကို ပုတု မီးမီးခဲ အမည်ရှိ Facebook အကောင့်တစ်ခုမှ ဧပြီလ ၁၁ ရက်နေ့က ရေးသားထားသည်ကို တွေ့ရပါသည်။ ထိုအမုန်းစကား ရေးသားမှုတွင် ဆက်လက် ရေးသားထားသည်မှာ “ဦးကိုနီဟာ ဧပြီ ၂၃ ရက်ကလွဲပြီး ကျန် ၃၆၄ ရက်ကို မဟာတမန်တော်နေ့သတ်မှတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမြို့ရွာ တချို့မှာလည်း အစ္စလာမ်အလံတွေ ကိုင်ပြီး မဟာတမန်တော်နေ့ ကျင်းပခဲ့ကြပါတယ် နည်းမျိုးစုံ၊ ဘက်ပေါင်းစုံက ဝါးမြိုနေတာ” ဆိုပြီး မဟုတ်မမှန် လုပ်ကြံဝါဒဖြန့် ရေးသားထားတာကို တွေ့ရပါတယ်။ ၎င်းရဲ့ ရေးသားချက်ကို ၆၁၂ ဦးက like လုပ်ပြီး ၇၃ ဦးက ပြန်လည် share ထားတာတွေ့ရပါတယ်။ - Source
“ ကမ္ဘာ့အစ္စလာမ်မိုက်ဇေးရှင်းလမ်းဖောက်ဖို့ ဆန့်ကျင်ဘက်ဘာသာခေါင်းဆောင်တွေ ရှင်းပစ်ရ၊ ယဉ်ကျေးမှုပါ အမြစ်မကျန်တူးထုတ်ကြတဲ့သဘောလား'" ဟူ၍ မြန်မာ့ရိုးရာ ယဉ်ကျေးမှုများကို အစ္စလာမ်ဘာသာဝင်များက ဖျက်ဆီးနေကြသည့်အလား မဟုတ်မမှန်လုပ်ကြံ၍ အမုန်းစကားရေးသား ဖြန့်ချီမှုကို သာဂီကနောင်သာဂီကနောင်ဟူသည့် ဘုန်းကြီးအကောင့်တစ်ခုမှ ဧပြီလ ၁၀ ရက်နေ့ က ရေးသားထားသည်ကို တွေ့ရပါသည် ၎င်းရဲ့ ရေးသားချက်ကို ၁၁၄ ဦးက like လုပ် ပြီး ၇၈ ဦးက ပြန်လည် share ထားတာ တွေ့ရပါတယ် - Source
" အမျိုးပျောက်မှာ စိုးကြောက်စရာ ငွေနဲ့မြိုလူနဲ့မြို မြန်မာ မပြိုဖို့ကာကွယ်စို့"' "အစ္စလာမ်မိုက်ဇေးရှင်းနှင့် နိုးဂိုးဇုန်" ဟူသည့် အမုန်းစကားရေးသားမှုတစ်ခုကို Thaw Gyi အမည်ရှိ Facebook အကောင့်တစ်ခုမှ ဇူလိုင်လ ၂၆ ရက်နေ့က ရေးသားထားသည်ကို တွေ့ရပါသည်။ ထိုအမုန်းစကား ရေးသားမှုတွင် ဆက်လက်ရေးသားထားသည်မှာ “ အစ္စလာမ်မိုက်ဇေးရှင်းဆိုသည်မှာ မွတ်စလင် အင်အားများလာသည့် အချိန်၌ အလ္လာဟ်အရှင်မြတ်ထံတိုင် တည်၍ပြုလုပ်သော ဘာသာရေးအရေ ခြုံလုပ်ငန်းဖြစ်သည်။ အင်အားနည်းချိန်၌လည်း ပျောက်ကျားစနစ်ဖြင့် မိုက်ဇေးရှင်းလုပ်တတ်ကြသေးသည်။ အစ္စလာမ်မိုက်ဇေးရှင်း၏ အဓိကအစိတ်အပိုင်းနည်းဗျူဟာသည် နိုးဂိုးဇုန်ဖန်တီးမှုဖြစ်သည်။ နိုးဂိုးဇုန်ဆိုသည်မှာ မသွားရသည့် ဧရိယာဖြစ်ပြီး မွတ်စလင်မဟုတ်သူများ ဝင်ထွက်သွားလာလျှင် ဆဲဆိုခြင်း၊ ရန်စခြင်း၊ ရိုက်နှက်ခြင်းစသော ပြဿနာများအမြဲရှာသည့်ဧရိယာဖြစ်သည်။" ဟူ၍ အစ္စလာမ် ဘာသာဝင်များအပေါ် မဟုတ်မမှန်လုပ်ကြံစွပ်စွဲ၍ အမုန်းတရားများကြီးထွားလာစေရန် ဝါဒဖြန့်ရေးသားထားသည်ကို တွေ့ရပါသည် ၎င်းရဲ့ရေးသားချက်ကို ၂၅၀ ဦးက like ပြီး ၂၁၀ ဦးက ပြန်လည် share ထားတာ တွေ့ရပါတယ် - Source
ခေတ်အဆက်ဆက်မြန်မာစစ်တပ်၏ လုပ်ဆောင်မှုတစ်ခုဖြစ်သော မွတ်စလင်မုန်းတီးရေးဝါဒဖြန့်ချီရေး လုပ်ဆောင်မှုများသည် ၂၀၂၂ ခုနှစ်တွင်လည်း လျော့ပါးသွားခြင်းမရှိဘဲ အရှိန်အဟုန်ကောင်းကောင်းဖြင့်ဆက် လက်လုပ်ဆောင်နေကြသည်ကို လေ့လာတွေ့ရှိခဲ့ရပါသည် စစ်တပ်သြဇာခံ ဘုန်းကြီးများ၏ တရားပွဲများ၊ စစ်တပ် ကျောထောက်နောက်ခံဂျာနယ်များတွင် ရေးသားသည့်ဆောင်းပါးများ၊ စစ်လော်ဘီများ အွန်လိုင်းစာမျက်နှာများ ပေါ်တွင်ရေးသားကြသည့် မွတ်စလင်မုန်းတီးရေးဝါဒ ဖြန့်ချိမှုများတွင် အစ္စလာမ်ဘာသာဝင် ရိုဟင်ဂျာလူမျိုးများကို ခိုးဝင်ဘင်္ဂါလီများဟူ၍လည်းကောင်း ကမ္ဘာ့အစ္စလာမ်အဖွဲ့ချုပ်ဖြစ်သည့် OIC အဖွဲ့ကိုလည်း ဗုဒ္ဓဘာသာမြန်မာနိုင်ငံကို ဖျက်ဆီးကာ ကုလားဇာတ်သွင်းရန်ကြံဆောင်နေကြသည်ဟူ၍လည်းကောင်း အာဆီယံအဖွဲ့ထဲ၌ရှိကြသော အစ္စလာမ်နိုင်ငံများသည်လည်း မြန်မာနိုင်ငံကို အစ္စလာမ်နိုင်ငံဖြစ်ပေါ်လာစေရန်အတွက် ကြိုးပမ်းနေကြသည်ဟူ၍လည်းကောင်း မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်များနှင့်မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များအကြား အမုန်းတရားကြီးထွားကာ ပဋိပက္ခများဆီသို့ဦးတည်စေရန် ရည်ရွယ်ချက်ရှိရှိ လှုံဆော်ရေးသားဝါဒဖြန့်ချီနေကြသည်ကို လေ့လာတွေ့ရှိခဲ့ရပါသည်။
မြန်မာ့လူ့အစုအဝေးအတွင်း အစ္စလာမိုက်ဇေးရှင်းဟူသော စကားလုံးကို အန္တရာယ်အဖြစ် အစိုးရအဆက်ဆက်က ပုံဖော်ခဲ့သည်မှာ ဆယ်စုနှစ် သုံးခုကျော်ခဲ့ပြီဖြစ်သည်။ နိုင်ငံရေး အကျိုးအမြတ်အလို့ငှာလူနည်းစု ဘာသာသာသနာတခုကို အမုန်းပွားစေရန် လူထုကြား အမုန်းတရားဝါဒဖြန့်ချိခဲ့သည်။ မြန်မာ့လူ့အစုအဝေးအတွင်း လူမျိုးဘာသာ အသီးသီးက မွတ်စလင်များအား သူတို့-ငါတို့ဟု ခွဲခြားဆက်ဆံနေသည်မှာ အထင်အရှားပင်ဖြစ်သည်။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ရင်း လူထုခေါင်းဆောင်ဖြစ်လာသူ ငြိမ်းချမ်းရေးနိုဗယ်စုရှင် ဒေါ်အောင်ဆန်းစုကြည်သည်ပင်လျှင် ရိုဟင်ဂျာမွတ်စလင်များကို ရည်ညွှန်းပြီး ၂၀၁၇ နယ်မြေ ရှင်းလင်းရေးလုပ်ချိန်တွင် အကြမ်းဖက်သမားများနှင့် ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရန်အတွက် မဖြစ်နိုင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
မွတ်စလင်များရှိနေခြင်းမှာ တိုင်းပြည်အချုပ်အခြာကို ထိပါးနေသည် အန္တရာယ်ဟု စစ်တပ်ကခေတ်အဆက်ဆက် သွင်သွင်ပြောဆိုနေသည်။ ယင်းဝါဒဖြန့်ချိမှုများသည် လူထု စိတ်နှလုံးအတွင်းသို့အလွယ်တကူ စိမ့်ဝင်ပျံ့နှံ့စေခဲ့သည်။ အမျိုးပျောက်မှာ စိုးကြောက်စရာ စာအုပ်သည် အထင်ရှားဆုံးနှင့် လူထုကြား အပျံ့နှံ့ဆုံးသောစာအုပ်ငယ် ဖြစ်သည် ၁၉၈၈ခုနှစ် လူထုအုံကြွမှုအပြီးကာလတွင် လူထုကြားတနိုင်ငံလုံး နေရာအနှံ့အပြားတွင် စစ်တပ်မှ ဖြန့်ဝေခဲ့သည်။ ယင်းစာအုပ်တွင် မွတ်စလင်များသည် မြန်မာလူမျိုးများကို ဝါးမြိုပြီး အစ္စလာမ်မှုပြုရန် အစ္စလာမ်မိုက်ဇေးရှင်း ပြုလုပ်နေသည်ဟု ဝါဒဖြန့်ချိထားသည်၊ ၁၉၈၈တွင် ဒီမိုကရေစီလိုလားသော မြန်မာပြည်သူလူထုအား အစ္စလာမ်မိုက်ဇေးရှင်းဟူသော မွတ်စလင်မုန်းတီးရေး ဝါဒလှိုင်းဖြင့် ငြိမ်၀ပ်ပိပြားသွားစေရန် စစ်ခေါင်းဆောင်များက စွမ်းဆောင်နိုင်ခဲ့သည်။ ယင်းကို ယနေ့အချိန်ထိ လက်နက်သဖွယ် စစ်ခေါင်းဆောင်များက အသုံးပြုနေသည်
Social media သုံးစွဲမှု အားကောင်းလာခဲ့သော ၂၀၁၀ နောက်ပိုင်းတွင်လည်း ကျယ်ပြန့်လာသော အမုန်းစကားဝါဒဖြန့်ချိရေးတွင် ယင်းအကြောင်းအရာများကို တွင်တွင်ကျယ်ကျယ် ဖြန့်ချိလာသည်မှာ ယနေ့တိုင်ဖြစ်သည်။ ၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ် ၆ လပိုင်းကုန်အထိ အမုန်းစကားလေ့လာစောင့်ကြည့်ရာတွင် တွေ့ရှိရသော Islamization အန္တရာယ် အမုန်းစကားများမှ တွေ့ရှိရသော အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
“အစ္စလာမ်မိုက်ဇေးရှင်း ဝါးမြိုမှုကိုဥရောပတောင် မခံနိုင်မှတော့ ငပိန်းများသော မြန်မာပြည်ဘယ်လို ခံနိုင်ပါမည်နည်း။ ငပိန်းတွေ အမှန်းအကန်းမသိမီစပါးကြီးမြွေလို တရစ်ခြင်းမြိုသွင်းနည်းဖြင့် အစ္စလာမ်မစ်နိုင်ငံ ဖြစ်မှန်းမသိ ဖြစ်သွားအောင် အပိုင်ကြုံး ပြောင်းလဲပေးလိုက်မှာဖြစ်သည်။” ဟူ၍ ဗုဒ္ဓဘာသာဝင်လူများစုနေထိုင်ရာ မြန်မာနိုင်ငံတွင် လူနည်းစုဘာသာဝင်တစ်ခုဖြစ်သော အစ္စလာမ်ဘာသာကို အန္တရာယ်ရှိသောပုံဖော်၍ လူမုန်းများအောင် ရည်ရွယ်ချက်ရှိရှိ မဟုတ်မမှန်လုပ်ကြံဝါဒဖြန့် ရေးသားထားသော ရေးသားမှုတစ်ခုကို ၉.၅.၂၀၂၃ ရက်နေ့ တွင် Kyaw Zeyar အမည်ဖြင့် facebook သုံးစွဲသူ တစ်ဦးမှ ၎င်း facebook စာမျက်နှာတွင် ရေးတင်ထားသည်ကို စောင့်ကြည့် တွေ့ရှိခဲ့ရပါသည်။
အစ္စလာမ်ဘာသာကို အန္တရာယ်ရှိသောပုံဖော်၍ရေးသားထားသည့် အမုန်းစကားရေးသားမှုထဲတွင်ပါဝင်သည်များမှာ "သူတို့ရဲ့ လူအား ငွေအား မီဒီယာအား မြန်မာတွေအထင်ကြီးစေမည့် သာလွန်ပြယုဂ်အားတွေနဲ့ ထင်သာ မြင်သာရော မထင်သာ မမြင်သာရော စံနစ်တကျ ကြိုးကိုင်ကာ အစ္စလာမ်မိုက်ဇေးရှင်းကို အသက်သွင်းသွားလိမ့်မည်။ အစ္စလာမ်မိုက်ဇေးရှင်းကို စစ်ရေးနိုင်ငံရေးနဲ့ မကာနိုင်ဘူး၊ အမျိုးသားရေးအသိနဲ့ ကာရမှာ။ တခြားနည်းမရှိဘူး၊ "ဟု အစ္စလာမ်ဘာသာကိုအန္တရာယ်ရှိသော အပြစ်သားများသဖွယ်လုပ်ကြံပုံဖော်ရေးသားကာ တိုက်ခိုက်ခြေမှုန်းကြရန် လှုံဆော်ရေးသားထားသည်ကို တွေ့ရှိခဲ့ရပါသည်။ ထိုအမုန်းစကားရေးသားချက်ကို like ပြုလုပ်သူ ၉၅ ဦးရှိခဲ့ပြီး ပြန်လည်မျှဝေ Share ပြုလုပ်သူ ၉၀ ဦး ရှိသည်ကို တွေ့ရှိရသည် Source:
အစွန်းရောက် အစ္စလာမ်မုန်းတီးရေးဝါဒီ တစ်ဦးအဖြစ် လူသိများကျော်ကြားတဲ့ နေမျိုးဝေ ဆိုသူသည် ၂.၆.၂၀၂၃ ရက်နေ့တွင် သူ၏ facebook စာမျက်နှာတွင် အစ္စလာမ်မုန်းတီးရေး Post တစ်ခုကိုတင်ခဲ့သည်ကို စောင့်ကြည့် တွေ့ရှိခဲ့ရပါသည်။ ထိုအစ္စလာမ်မုန်းတီးရေး ရေးသားမှုတွင် နေမျိုးဝေက " Islamization ဆိုတာတကယ်ရှိနေတယ်၊ ကုရ်အာန်ကျမ်းမှာ အတိအကျ ရှာဖွေတွေ့ရှိထားတယ် အမျိုးသားရေးအန္တရာယ် အစ္စလာမ်မိုက်ဇေးရှင်းကို ဆန့်ကျင်ရမည် မုဂျာဟိဒ်ဆိုတာ ဂျိဟာဒ်လုပ်ရန် ဖွဲ့စည်းထားသော ဘာသာရေးအသွင်ဆောင် စစ်တပ်ပဲ" ဟူ၍ အစ္စလာမ်ဘာသာနှင့် အစ္စလာမ်ဘာသာဝင်များအပေါ် အခြားဘာသာဝင်များ အထင်မှားအမြင်မှားကာ အမုန်းတရားကြီးထွားလာပြီး အစ္စလာမ်ဆန့်ကျင်ရေးပဋိပက္ခများအထိ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ချက်ရှိရှိ မဟုတ်မမှန်လုပ်ကြံဝါဒဖြန့်ရေးသားထားခြင်းဖြစ်သည်ကို တွေ့ရှိခဲ့ရပါသည်။
ထိုအမုန်းစကားကို ရေးသားသူဖြစ်သော နေမျိုးဝေဆိုသူသည် ဦးသိန်းစိန် အစိုးရလက်ထက်ကတည်းမှ စတင်၍ အစ္စလာမ်မုန်းတီးရေး ရေးသားပြောဆို ဟောပြောမှုများ စဉ်ဆက်မပြတ် လုပ်ဆောင်နေသူတစ်ဦးဖြစ်သလို အမျိုးသားရေးအခြေခံပါတီတစ်ခု၏ ဥက္ကဌလည်းဖြစ်သည်ကို သိရှိရပါသည်, နေမျိုးဝေ၏ အမုန်းစကားရေးသားမှုကို Like ပြုလုပ်သူပေါင်း ၁၀၃ဦးရှိခဲ့ပြီး ပြန်လည်ဝေမျှ Share ပြုလုပ်သူ ၃၇ဦးရှိသည်ကို တွေ့ရှိခဲ့ရပါသည်။ Source:
၃အစ္စလာမ်ဘာသာဝင်များကို အန္တရာယ်သဖွယ် ပုံဖော်ရေးသားခြင်းများ
ဗမာဗုဒ္ဓဘာသာကို အခြေပြုပြီး တိုင်းပြည်တည်ဆောက်ရန် ကြိုးပမ်းနေသော စစ်တပ်သည် ဗမာ- ဗုဒ္ဓမဟုတ်သူများကို တိုင်းပြည်အနာဂတ်အတွက် မလိုလားပေ။ မြန်မာနိုင်ငံတွင်ရှိနေသော ဘာသာတရားများတွင် အစ္စလာမ်ဘာသာဝင်များနှင့် ခရစ်ယာန်ဘာသာဝင်များသည် အဓိကပစ်မှတ်ထား တိုက်ခိုက်ခံနေရပြီး ဟိန္ဒူဘာသာဝင်နှင့် နတ်ကိုးကွယ်ယုံကြည်သူများသည် မိမိတို့ ကိုယ်မိမိ ဗုဒ္ဓဘာသာဝင်များဟု ဖော်ပြကြရသည်။ မွတ်စလင်လူ့အစုအဝေးသည် ဘာသာတရားကိုးကွယ်မှု၊ လူမျိုးဖြစ်တည်မှုနှင့် ပတ်သက်ပြီး အဓိက ပစ်မှတ်ထားခံရသည်။
၂၀၁၃ တွင် OIC ဆန့်ကျင်ရေးကို မြို့တော်ခန်းမရှေ့တွင် ဘုန်းတော်ကြီးများ ဦးဆောင်ပြီး လူထောင်ချီဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ခဲ့သည်။ ရှေ့ဆုံးမှ ကိုင်စွဲထားသော အစ္စလာမ်ဆန့်ကျင်ရေး vinyl မှာ သားဖေါက်နှုန်းမြန်သော သာသနာဟုလည်းကောင်း၊ တိရစ္ဆာန်ဝါဒဟု လည်းကောင်း စွပ်စွဲကြွေးကြော်ခဲ့သည်။ ယင်းကဲ့သို့မွတ်စလင်လူ့အစုအဝေးကို အကြမ်းဖက်သတ်ဖြတ်မှုများ ပြုလုပ်သည်မှာ တရားကြောင်း လူထုအား ဆင်ခြေပေးမှုများနှင့် ပတ်သက်ပြီးလည်း မြန်မာ့လူ့အစုအဝေးတွင် ဝေဖန်ကန့်ကွက်သံများ တိတ်ဆိတ်နေခဲ့သည်။
၎င်းနှင့်ပတ်သက်သော အမုန်းစကားထဲမှ ကောက်နှုတ်ဖော်ပြလိုက်ပါသည်။
"မွတ်ကုလားတွေ မြို့တွေမှာရော ရွာတွေမှာရောတော်တော်များနေပြီ မွန်ပြည်နယ်က ပါတ်ပါတ်လည်ရွာတွေ အကုန်ကုလားရွာဖြစ်ကုန်ပြီ၊ မန္တလေးက ကျောက်ဆည်လွင်ပြင်မှာ ဗမာရွာတွေ ပျောက်လို့ ကုလားရွာချည်းဖြစ်ကုန်ပြီ' " ဟူ၍ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များကို အန္တရာယ်ရှိသော အပြစ်သားများသဖွယ် ပုံဖော်ရေးသားထားသည့် အမုန်းစကားရေးသားမှုတစ်ခုကို ၁၅-၄-၂၀၂၃ ရက်နေ့တွင် ဈာန် အမည်ဖြင့် Facebook သုံးစွဲသူတစ်ဦးမှ ၎င်း၏ Facebook စာမျက်နှာတွင် ရေးတင်ထားသည်ကို စောင့်ကြည့်တွေ့ရှိခဲ့ရပါသည်။ ထိုဘာသာရေး သွေးထိုးလှုံ့ဆော် အမုန်းစကားရေးသားမှုထဲတွင် ဆက်လက်ရေးသားထားသည်မှာ “မိတ္ထီလာမြို့မှာလည်း ကုလားတွေ တအားများလာပြီ ချမ်းအေးရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်၊ ဒဟတ္တန်းရပ်ကွက် ရပ်ကွက်လုံးကျွတ် မွတ်ကုလားတွေချည်းပဲ ကျွန်တော်တို့ သတိထားရတော့မယ်။ မြေမျိုလို့လူမျိုးမပြုတ်၊ လူမျိုးမြိုမှ လူမျိုးပြုတ်မည်။” ဟူ၍ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များသည် မြန်မာနိုင်ငံအတွက် အန္တရာယ်ရှိသော အပြစ်သားများသဖွယ် ပုံဖော်ရေးသားထားသည်ကို တွေ့ရှိခဲ့ရပါသည်။ ထိုသို့သော ဘာသာရေးသွေးထိုးလှုံ့ဆော် အမုန်းစကားရေးသားထားသော Post ကို like ပြုလုပ်သူ ၇၀ ဦး ရှိခဲ့ပြီး ပြန်လည်မျှဝေ Share ပြုလုပ်သူပေါင်း ၁၅၀ အထိရှိသည်ကို တွေ့ရှိခဲ့ရပါသည်။ Source:
"ဝက်မစားတွေ မြန်မာပြည်အနှံ့ဖြန့်ခွဲပြီး မြန်မာကို ဗျူဟာမြောက်ပစ်မှတ်ထားလာတယ် အခုက ဂျိဟတ်အသွင်ဖြစ်လာမှာ မဟုတ်ဘူး မျိုးဖျက်လောက်တွေနဲ့အတူ လက်ဝါးရိုက် ဒုက္ခပေးမယ်" ဟူ၍ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များကို အန္တရာယ်ရှိသော အပြစ်သားများသဖွယ် ပုံဖော်ရေးသားထားသည့် အမုန်းစကားရေးသားမှုတစ်ခုကို ၈-၅-၂၀၂၃ ရက်နေ့တွင် Honey Love အမည်ဖြင့် Facebook သုံးစွဲသူတစ်ဦးမှ ၎င်း၏ Facebook စာမျက်နှာတွင် ရေးတင်ထားသည်ကို စောင့်ကြည့်တွေ့ရှိခဲ့ရပါသည်။ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များကို ဝက်မစားဟူ၍ နှိမ့်ချ ရေးသားထားသည့် ထိုရေးသားမှု Postတွင် ဆက်လက်ရေးသားထားသည်မှာ" မြန်မာတွေအချင်းချင်း ရန်ဖြစ်အိပ်ပျော်နေကြပေမယ့်၊ သူတို့တွေခြေတစ်လှမ်းချင်း တစ်ရက်ချင်း တစ်လချင်းလှမ်းနေကြတယ်"ဟူ၍ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များသည် မြန်မာနိုင်ငံအတွက် အန္တရာယ်ရှိသော အပြစ်သားများသဖွယ် ပုံဖော်ရေးသားထားသည်ကို တွေ့ရှိခဲ့ရပါသည်။ ၎င်းအမုန်းစကား ရေးသားမှုကို like ပြုလုပ်သူ ၄၁ ဦးရှိခဲ့ပြီး ပြန်လည်မျှဝေ Share ပြုလုပ်သူ ၅၃ ဦး ရှိသည်ကိုလည်း တွေ့ရှိခဲ့ရပါသည်။ Source:
မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်များအနေဖြင့် မြန်မာနိုင်ငံသားအစ္စလာမ်ဘာသာဝင်များအပေါ် အထင်အမြင်မှား အမုန်းတရားကြီးထွားစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် အမုန်းစကားများဝါဒဖြန့်ချီ ရေးသားနေသူများသည် ကမ္ဘာ့မွတ်စလင်အဖွဲ့ချုပ်ဖြစ်သည့် OIC အဖွဲ့နှင့်ပက်သက်၍လည်း မဟုတ် မမှန်စွပ်စွဲ ဖန်တီးရေးသားမှုများပြုလုပ်ခဲ့ကြပါသည်။ ၂၀၂၃ခုနှစ် မေလအတွင်း ထုတ်ဝေခဲ့သည့် Bullet ဂျာနယ် Vol (5 ) , No( 9 )တွင် ရေးသား ဖော်ပြထားသည့် ဆောင်းပါးရှင် တက္ကသိုလ်မြတ်သူရေးသားသည့် "သမိုင်းမှန်ကိုပြောမည့် သတင်းမှန်သမား" ဆောင်းပါးတွင် ကမ္ဘာ့မွတ်စလင်အဖွဲ့ချုပ်ဖြစ်သည့် OIC အဖွဲ့နှင့်ပက်သက်၍ ရေးသားဖော်ပြရာတွင် "ရေနံသူဌေးအာရပ်(မွတ်စလင်)နိုင်ငံ ၅၇ နိုင်ငံပါဝင်သော OIC ခေါ် အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်း ညှိနှိုင်းရေးအဖွဲ့ကြီးက အိန္ဒိယမြန်မာနှင့် ထိုင်းနိုင်ငံတို့ပါ မွတ်စလင်နိုင်ငံဖြစ်လျှင် မွတ်စလင်အင်ပိုင်ယာ ကမ္ဘာတစ်ပတ်ဖြစ်နိုင်မည်ဟု မတော်လောဘဖြင့် ရခိုင်မြောက်ပိုင်းကို ပြဿနာရှာနေကြပေသည်” ဟူ၍ရေးသားထားသည်ကို တွေ့ရှိခဲ့ရသည်။
၎င်းဆောင်းပါးရှင်၏ ရည်ရွယ်ချက်သည် အစ္စလာမ်ဘာသာဝင်နိုင်ငံများက မြန်မာနိုင်ငံအား မွတ်စလင်နိုင်ငံဖြစ်အောင် ကြိုးပမ်းနေကြသည်ဟူ၍ မဟုတ်မမှန်လုပ်ကြံစွပ်စွဲရေးသားကာ မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်များ အနေဖြင့် မြန်မာနိုင်ငံသားအစ္စလာမ်ဘာသာဝင်များအပေါ် အမုန်းတရားများကြီးထွားလာစေရန် ရည်ရွယ်ချက်ရှိရှိလှုံဆော်ဝါဒဖြန့် ရေးသားထားခြင်းဖြစ်သည်ကို တွေ့ရှိခဲ့ရပါသည်။
Telegram တွင်လည်း ကမ္ဘာ့မွတ်စလင်အဖွဲ့ချုပ်ဖြစ်သည့် OIC အဖွဲ့နှင့် ပက်သက်၍ မဟုတ်မမှန် စွပ်စွဲရေးသားမှုများပြုလုပ်ထားသည့် ဝါဒဖြန့်ရေးသားမှုများကိုလည်း စောင့်ကြည့်တွေ့ရှိခဲ့ရပါသည်။ ၈-၅-၂၀၂၃ ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီ၏ ဝါဒဖြန့်သတင်းများတင်သည့် Saw Ka Zaw အမည်ရှိ Telegram အကောင့်တွင် ကမ္ဘာ့မွတ်စလင်အဖွဲ့ချုပ်ဖြစ်သည့် OIC အဖွဲ့နှင့်ပက်သက်၍ မဟုတ်မမှန်လုပ်ကြံ စွပ်စွဲရေးသားထားသည့် အမုန်းစကားရေးသားမှုတစ်ခုကို စောင့်ကြည့်တွေ့ရှိခဲ့ရပါသည်။ ၎င်းအမုန်းစကားရေးချက်တွင် “OIC ရဲ့ မဟာဗျူဟာက မြန်မာစာပေနဲ့ယဉ်ကျေးမှုကို ဖျက်ဆီးမယ် မြန်မာ့တန်ဖိုးနဲ့မြန်မာ့ ဘာသာတရားကို ဖျက်ဆီးဖို့ပဲ” ဟူ၍ မဟုတ်မမှန် လုပ်ကြံစွပ်စွဲရေးသားထားသည်ကို တွေ့ရှိခဲ့ရပါသည်။ ၎င်း၏ရေးသားမှုသည် ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်များ အကြား အထင်အမြင်လွဲမှားအမုန်းတရား ကြီးထွားလာကာ ဘာသာရေး ပဋိပက္ခများ အထိ ဦးတည်စေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသားဝါဒဖြန့်ထားခြင်းဖြစ်သည်ကို တွေ့ရှိခဲ့ရပါသည်။ ၎င်း အမုန်းစကားရေးသားထားမှုကို ကြည့်ရှုသူ Viewers ၁၆၀၀ ကျော်ရှိ ပြီး Saw Ka Zaw အမည်ရှိ Telegram အကောင့်အား Subscribers ပြုလုပ်ထားသူပေါင်း ၁၄၀၀၀ ခန့်ရှိသည်ကို တွေ့ရပါသည်။ Source:
စစ်ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်သည့်အပြင် အစ္စလာမ်မုန်းတီးရေးဝါဒီတစ်ဦးလည်းဖြစ်သူ ဘူးလက်လှဆွေ ဦးစီးထုတ်ဝေသည့် Bullet ဂျာနယ်သည် လူမျိုးရေးဘာသာရေး အမုန်း စကားများ စဉ်ဆက်မပြတ် ရေးသားဖြန့်ဝေနေသည့် ဂျာနယ်တစ်စောင်ဖြစ်သည်။ ၂၀၂၃ မေလထုတ် Bullet ဂျာနယ်တွင် ရခိုင်ဒေသ၏ဌာနေလူမျိုးများဖြစ်သည့် အစ္စလာမ်ဘာသာ ကိုးကွယ်ယုံကြည်ကြသော ရိုဟင်ဂျာလူမျိုးစုအပေါ် နှိမ့်ချခွဲခြားရေးသားကြသည့် အမုန်းစကားရေးသားမှုများကို ဖော်ပြခဲ့ကြပါသည်။ Bullet ဂျာနယ် Vol(5 ) , No (12 )တွင် ရေးသားဖော်ပြထားသည့် ဆောင်းပါးရှင်စစ်ငြိမ်း ရေးသားသည့် မိုခါ ဘင်္ဂါလီ NUG နဲ့ ထိုင်းရွေးကောက်ပွဲ ဆောင်းပါးတွင် "ဘင်္ဂလားနယ်ကလာတဲ့ ဘင်္ဂါလီ လူမျိုးတွေကို ရိုဟင်ဂျာလူမျိုးလို့နာမည်သစ်ထွင်ပြီး ရခိုင်မြောက်ပိုင်းမှာ ကမ္ဘာဦးအစကတည်းကနေထိုင်လာကြတဲ့ လူမျိုးတစ်မျိုးပုံစံ မဟုတ်မမှန်လုပ်ကြံဇာတ်သွင်းပြီး တိုင်းရင်းသား နိုင်ငံသား လုပ်ဖို့ကြံစည်လာခြင်းကိုတော့ အပြင်းအထန်ငြင်းဆန် ဆန့်ကျင်ကြရမှာဖြစ်ပါတယ်" ဟူ၍ ရိုဟင်ဂျာလူမျိုးများ၏ ဖြစ်တည်တည်ရှိမှုကို ဆန့်ကျင်သည့် အမုန်းစကားရေးသားတွင် ရေးသားထားသည်ကိုတွေ့ရှိခဲ့ရသည်။
၄မွတ်စလင်ဆန့်ကျင်ရေး အမုန်းစကားပြောကြားမှုများ
အာဏာသိမ်းစစ်ကောင်စီ၏ ဝါဒဖြန့်ချီရေးသမားများသည် လူမျိုးရေး၊ ဘာသာရေးအမုန်းတရားများကို အွန်လိုင်းစာမျက်နှာများ ထက်တွင် အားသွန်ခွန်စိုက် ဝါဒဖြန့်ချိရေးသားမှုများ ပြုလုပ်လျက်ရှိနေကြပါသည်။ ၂၀၂၃ ဇွန်လ ၂ ရက်နေ့တွင် Telegram တွင် အာဏာသိမ်း စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းများတင်သည့် တပ်ကြပ်ကြီး ဖိုးကွန်း အမည်ရှိ Telegram အကောင့်တွင် ရိုဟင်ဂျာနှင့်ပက်သက်၍ မဟုတ်မမှန်လုပ်ကြံ စွပ်စွဲရေးသားထားသည့် အမုန်းစကားရေးသားမှုတစ်ခုကို စောင့်ကြည့်တွေ့ရှိခဲ့ရပါသည်။ ၎င်း၏ စွပ်စွဲရေးသားမှုတွင် မြန်မာစစ်တပ် လူမျိုးတုန်းသတ်ဖြတ်ခြင်းခံရသည့်အထိ အကြမ်းဖက်ခံခဲ့ရသော ရိုဟင်ဂျာ လူမျိုးများအား “၂၀၁၇ ကိုဖီအာနန် အစီရင်ခံစာတင်တဲ့နေ့မှာပဲ ရခိုင်ပြည်နယ်က ရဲစခန်း ၃၀ နဲ့ တပ်ရင်း ဌာနချုပ်တစ်ခုကို ဘင်္ဂါလီအကြမ်းဖက်တွေက ဝင်တိုက်တယ် " မဟုတ်မမှန် လုပ်ကြံစွပ်စွဲရေးသားထားသည်ကို တွေ့ရှိခဲ့ရပါသည်။ ၎င်း၏မဟုတ်မမှန် စွပ်စွဲရေးသားမှုသည် မြန်မာစစ်တပ်၏ လူမျိုးတုန်း သတ်ဖြတ်ခြင်းခံရသည့်အထိ အကြမ်းဖက်ခံခဲ့ရသော ရိုဟင်ဂျာ လူမျိုးများအား အခြားသောတိုင်းရင်းသားလူမျိုးများ အထင်အမြင်မှား အမုန်းတရားကြီးထွားစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဖန်တီး ဝါဒဖြန့်ချီနေခြင်းဖြစ်သည်ကိုတွေ့ရှိရပါသည်။ ၎င်း အမုန်းစကားရေးသားထားမှုကို ကြည့်ရှုသူ Viewers ၁၈၀၀ ကျော်ရှိပြီး တပ်ကြပ် ကြီးဖိုးကွန်းအမည်ရှိ Telegram အကောင့်အား Subscribers ပြုလုပ် ထားသူပေါင်း ၂၁၇၀၀ ကျော်ရှိသည်ကိုတွေ့ရပါသည်။ : Source
NUG သည် ရခိုင်မြောက်ပိုင်းနှင့်ပက်သက်၍ နိုင်ငံရေးအမြတ်ထုတ်ရန် ရည်ရွယ်ချက်ဖြင့် မီးလောင်ရာ လေပင့်ဆောင်ရွက်နေ၊ OIC နိုင်ငံများသည် မြန်မာနိုင်ငံကို ကုလားဇာတ်သွင်းပြီး အစ္စလာမ်မစ်နိုင်ငံအဖြစ် ထူထောင်ရန် ကြိုးပမ်းသည့်ဇာတ်ကွက်တွင် NUG သည် OIC နိုင်ငံများအတွက် သည်းခြေကြိုက်အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း Golden Hand ဂျာနယ် (Vol.3 , No.23 -Pg.17 )ပါ " NUG, OIC, ဘင်္ဂါလီနှင့် စီအိုင်အေ ပြည်တွင်းစစ်လောင်စာများ" ဆိုသည့် ဆောင်းပါးတွင် ဆောင်းပါးရှင် စွန်ရဲက ရေးသားထားသည်
ဆောင်းပါးရှင်က “ NUG သည် ၂၀၂၁ ခုနှစ်ဇွန်လ ၃ ရက်နေ့က ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာပြည်သူများ ဆိုင်ရာမူဝါဒသဘောထားတစ်ရပ်ထုတ်ပြန်ပြီး ဘင်္ဂါလီများကိုရိုဟင်ဂျာနာမည်ကိုသုံးစွဲထားပြီး ၁၉၈၂ ဥပဒေအပါအ၀င်ကန့်သတ်ထားသည့် အခြားဥပဒေများကို ပယ်ဖျက်ပြင်ဆင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြခြင်းသည် နိုင်ငံသားပင်မဖြစ်သော ဘင်္ဂါလီကုလားများ၏အကျိုးစီးပွား တစ်ခုတည်းကိုသာ ရည်ရွယ်လုပ်ဆောင်နေခြင်းဖြစ်သည်" ဟူ၍ အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် အစ္စလာမ်ဘာသာဝင်များ အပေါ် ပြည်သူများမုန်းတီးလာစေရန် ရည်ရွယ်ချက်ရှိရှိလုပ်ကြံ ဝါဒဖြန့်ရေးသားထားသည်ကိုတွေ့ရရှိခဲ့ရပါသည်။
စစ်ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်သည့် အစ္စလာမ်မုန်းတီးရေးဝါဒီ တစ်ဦးလည်းဖြစ်သော ဘူးလက်လှဆွေ ဦးစီးထုတ်ဝေသည့် Bullet ဂျာနယ်၌ ဆောင်းပါးရှင် လှတင့်ဆွေ (ပိန်းဇလုပ်) ရေးသားသည့် "နိုင်ငံလုံခြုံရေးအတွက် ကြိုတင်စီမံထားရှိရမည့် အနောက်တံခါးမှ ခိုးဝင်ဘင်္ဂါလီအန္တရာယ် ” ဆိုသည့် အခန်းဆက်ဆောင်းပါးကို ၂၀၂၂ ခုနှစ် သြဂုတ်လမှ နိုဝင်ဘာလအထိ လေးလဆက်တိုက် (အပိုင်း ၁မှ အပိုင်း ၁၅ အထိ ) ဖော်ပြခဲ့သည်ကို လေ့လာ တွေ့ရှိခဲ့ရပါသည်။
ဆောင်းပါးရှင် လှတင့်ဆွေ(ပိန်းဇလုပ်) ရေးသားမှုများတွင် “ ဘူးသီးတောင်၊ မောင်တောမြို့နယ်များရှိဘင်္ဂါလီများသည် ကလေးသူငယ်များအား အဆင့်မြင့်ပညာ သင်ကြားပေးခြင်းမရှိဘဲ မွတ်စလင်ဘာသာရေးအသင်းအဖွဲ့များမှ ထောက်ပံ့သော အာရ်ဗီကျောင်းများတွင်သာထားလေ့ရှိ၊ ထိုအာရဗီစာသင်ကျောင်းများသည် ဆော်ဒီအာရေဗျအခြေစိုက် ဖောင်ဒေးရှင်းက ထောက်ပံ့ပြီး အစွန်းရောက် အစ္စလာမ်ဘာသာရေးလမ်းစဉ်အား သင်ပေးလျက်ရှိဟူ၍လည်းကောင်း ခိုးဝင်ဘင်္ဂါလီများကို မြန်မာပြည်တွင်းသို့ခိုးသွင်းနေသူများမှာ ပြည်တွင်းမှ ဘာသာခြား ကုမ္ပဏီကြီးများ၊ ဘာသာခြားအဖွဲ့အစည်းများဖြစ်ပြီး ၎င်းတို့သည် ပြည်ပမှ ထောက်ပံ့ငွေကြေးများအပြင် ၎င်းတို့ ကိုယ်ပိုင်ငွေကြေးများဖြင့် တိုင်းပြည်အတွင်း မွတ်စလင်များ တဖြည်းဖြည်းလွှမ်းမိုးလာစေရန် စီမံချက်ချလုပ်ဆောင်နေ"ဟူ၍ အစ္စလာမ်ဘာသာဝင်များအပေါ် မဟုတ်မမှန် လုပ်ကြံရေးသားဝါဒဖြန့်နေသည်ကို တွေ့ရှိခဲ့ရပါသည်။
မြန်မာနိုင်ငံကို ဖိအားပေးခွဲခြားဆက်ဆံ နေကြတဲ့ အာဆီယံနိုင်ငံတွေကို အုပ်စုခွဲကြည့်ရင် အိုအိုင်စီ နောက်ခံရှိတဲ့ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဘရူးနိုင်းလို အစ္စလာမ်ဘာသာဝင် မွတ်စလင်နိုင်ငံအုပ်စုနဲ့ ကျန်နိုင်ငံတွေ ဖြစ်ပါတယ်။ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဘရူးနိုင်း နိုင်ငံတွေကသူတို့ဘာသာသာသနာအတွက် လူမျိုး၊ နိုင်ငံကို ဝါးမြိုရေးဆိုတာ ရှင်းလင်းပြတ်သားနေပြီ ” ဟူ၍ Bullet ဂျာနယ် (Vol.4 , No.23 -Pg.2 )ပါ " အာဆီယံနိုင်ငံတွေထဲကမြန်မာကိုအပြင်းထန်ဆုံး ဆန့်ကျင်နေတဲ့ မလေးရှားဘာလဲ ” ဆိုသည့် ဆောင်းပါးတွင် ဆောင်းပါးရှင် မောင်ရိုးက ရေးသားထားသည်။
ဆောင်းပါးရှင်က “အာဆီယံမှာ မြန်မာကို ခွဲခြားဆက်ဆံတဲ့ နိုင်ငံတွေထဲမှာ မလေးရှားဟာ အပြင်းထန်ဆုံးခွဲခြားဆက်ဆံ သူဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အိုအိုင်စီ အလိုကျအစ္စလာမ်ခါးပတ်လို့ ခေါ်တဲ့ Green Belt တည်ဆောက် တဲ့အခါ မလေးရှားဟာ မြန်မာနဲ့ အနီးကပ်ဆုံး ဖြစ်နေလို့ပါ။ ဒုတိယအချက်အနေနဲ့ မလေးရှားရောက်ခိုးဝင် ဘင်္ဂါလီတွေကို မြန်မာကိုပို့ပြီး လူမျိုးရေး၊ ဘာသာရေးဝါးမြိုမယ့်အစီအစဉ်လုပ်မှာပါ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဘရူးနိုင်းလို အိုအိုင်စီပါဝါမှာ မလေးရှားကို ရှေ့တန်းတိုက်စစ်တင်မြန်မာကို ဖျက်ဆီးကြမှာ" ဟူ၍ မြန်မာနိုင်ငံသားများ အစ္စလာမ်မုန်းတီးရေး အားကောင်းလာစေရန် မဟုတ်မမှန်လုပ်ကြံစွပ်စွဲ ရေးသားထားသည်ကို တွေ့ရှိရပါသည်
“AA နဲ့ပေါင်းပြီး မောင်တောနယ်စပ်မှာတိုက်နေတဲ့ RSO ဂျီဟတ်စစ်ဟုသုံးနှုံးပြီ" ဟုရေးသားထားသည့် ဝါဒဖြန့် သတင်းမှားအမုန်းစကားရေးသားမှုတစ်ခုကို Yeim Nwet Per အမည်ရှိ Facebook အကောင့်တစ်ခုမှ အောက်တိုဘာလ ၂၅ ရက် နေ့က ရေးသားထားသည်ကို တွေ့ရပါသည်။
ထို ဝါဒဖြန့်သတင်းမှား အမုန်းစကားရေးသားမှုတွင် ဆက်လက်ရေးသားထားသည်မှာ “AA ဟာ ရခိုင်ပြည်နယ် လွတ်လပ်ရေး ရခိုင်အမျိုးသားရေးလို့ အသံကောင်းဟစ်ပေမယ့် နောက်ကွယ်မှာတော့ အစ္စလာမ်ဘာသာဝင် RSO နဲ့ပေါင်းပြီး ရခိုင်ကို ဂျီဟတ်စစ်လုပ်နေတယ်" ဟူ၍ ရခိုင်ပြည်နယ်လွတ်လပ်ရေးအတွက် ဆောင်ရွက်နေသည့် ရခိုင့်တပ်တော် AA နှင့် ရခိုင်ပြည်နယ်ရှိ ဒေသခံအစ္စလာမ်ဘာသာဝင်များအား ရခိုင်တိုင်းရင်းသားများ အထင်မြင်လွဲမှား အမုန်းတရား ကြီးထွားလာစေရန်အတွက် ရည်ရွယ်ချက်ရှိရှိလုပ်ကြံဝါဒဖြန့်ရေးသားထားသည်ကို တွေ့ရှိခဲ့ရပါသည်။ ၎င်းရဲ့ရေးသားချက်ကို ၂၁၂ ဦးက like လုပ်ပြီး ၄၇၇ ဦးက ပြန်လည် share ထားတာ တွေ့ရပါတယ်။ - Source
၅ခရစ်ယာန်ဘာသာဝင်များကို တိုက်ခိုက်ပြောဆိုသော အမုန်းစကားများ
အထက်တွင် ဖော်ပြခဲ့သော ဗမာ ဗုဒ္ဓဘာသာကို အခြေပြုပြီး တိုင်းပြည်တည်ဆောက်ရန် ကြိုးပမ်းနေသော စစ်တပ်သည် ခရစ်ယာန်ဘာသာဝင်များကို ဗမာ ဗုဒ္ဓဘာသာလူထုက အမြင်မှားစေရန် ယနေ့ ၂၀၂၁ အာဏာသိမ်းပြီးကာလတွင် အမုန်းစကားများကို တွင်တွင်ကျယ်ကျယ် ပြုလုပ်လာသည်။
တဘက်နွေဦးတော်လှန်ရေး လှုပ်ရှားမှုများကို တိုက်ခိုက်ချေမှုန်းရာတွင်လည်း ခရစ်ယာန် ဘုရားရှိခိုးကျောင်း ချက်စ်ကျောင်းများကို ပစ်မှတ်ထား မီးရှို့လာသည်ကို တွေ့ရသည်။ စစ်အာဏာရှင်များ၏ သွားရာ လမ်းကြောင်းအတိုင်း Printed media များနှင့် social media များတွင် ခရစ်ယာန်ဘာသာဝင်များနှင့် ပတ်သက်ပြီးလည်း အမုန်းစကားများစွာ ပျံ့နှံ့နေသည်ကို တွေ့ရှိရသည်
မြန်မာစစ်တပ်သည် ခေတ်အဆက်အဆက် အာဏာရှင်စနစ်ဖြင့်တိုင်းပြည်ကို ထိန်းချုပ်ရာတွင် လူမျိုးရေး၊ ဘာသာရေး အမုန်းတရားများသွတ်သွင်းပြီး သွေးခွဲအုပ်ချုပ်သည့်စနစ်ကို ကိုင်ဆွဲခဲ့ကြပါသည်။ ထိုသို့လူမျိုးရေး၊ ဘာသာရေးအမုန်းတရားများ ဝါဒဖြန့်ချိရာတွင် ပြည်မဒေသရှိ ဗုဒ္ဓဘာသာကိုးကွယ်ကြသည့် တိုင်းရင်းသားများနှင့် တောင်တန်းဒေသတွင် နေထိုင်ကြသည့် ခရစ်ယာန်ဘာသာသက်ဝင်ယုံကြည်ကြသည့် တိုင်းရင်းသားများအကြား ဘာသာရေးကိုအခြေခံကာ အမုန်းတရားသံသယများကြီးထွားကာ ဘာသာရေးပဋိပက္ခများ၊ အဓိကရုန်းများ မဖြစ်ဖြစ်အောင်ကို လှုံ့ဆော်ဖန်တီးရေးသားဖြန့်ချီခြင်းများကို အမြဲမပြတ်လုပ်ဆောင်နေသည်ကိုတွေ့ရှိရပါသည်။ ၂၀၂၁ ခုနှစ် စစ်တပ်၏မတရားအာဏာသိမ်းမှုအပေါ် မကျေနပ်၍ ဆန့်ကျင်ကြကုန်သော မြန်မာတစ်ပြည်လုံးရှိ ပြည်သူများအနက်မှ ခရစ်ယာန်ဘာသာကိုးကွယ်ကြသည့် တိုင်းရင်းသားများနှင့်ပတ်သက်၍ မဟုတ်မမှန် သတင်းအမှား အမုန်းစကားရေးသားမှုများကို စစ်တပ်ကျောထောက် နောက်ခံဂျာနယ်များနှင့် စစ်တပ်လော်ဘီများ၏ အွန်လိုင်းစာမျက်နှာများပေါ်တွင် စဉ်ဆက်မပြတ်တွေ့ရှိခဲ့ရပါသည်။
၎င်း စစ်တပ်ကျောထောက် နောက်ခံ ဂျာနယ်များနှင့် စစ်တပ်လော်ဘီများ၏ အွန်လိုင်း စာမျက်နှာများသည် ခရစ်ယာန်ဘာသာနှင့် ခရစ်ယာန်ဘာသာဝင်တိုင်းရင်းသားတို့အပေါ် မဟုတ်မမှန်သတင်းအမှားအမုန်းစကားရေးသား ခြင်းသည်။ ခရစ်ယာန်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များအကြား ဘာသာရေးကို အခြေခံ၍ အမုန်းတရားကြီးထွား သံသယများတိုးပွားလာကာ လက်ရှိဆောင်ရွက်နေကြသည့် စစ်အာဏာရှင်ဆန့်ကျင်ရေးလုပ်ငန်းစဉ်များ ပျက်သုဉ်းသွားရေးအတွက် ရည်ရွယ်ချက်ရှိရှိဖြင့် ဘာသာရေးအမုန်းတရားကြီးထွားလာအောင် မှိုင်းတိုက်ရေးသားနေခြင်းဖြစ်သည်ကို လေ့လာတွေ့ရှိခဲ့ရပါသည်
“ NUGအစိုးရအဖွဲ့မှာ သမ္မတနဲ့ဝန်ကြီးချုပ်အပါ ၆ ဦးက ခရစ်ယာန်တွေ။ ဒီလူတွေဦးဆောင်တဲ့ ဒီစစ်မှာ ဗုဒ္ဓဘာသာဘုန်းကြီး ၅၇ ယောက် အသတ်ခံရတာဆန်းလား။ ရည်ရွယ်ချက်ရှိတယ် ဒါက ဘာသာရေးခွဲခြားတဲ့ စစ်ပွဲပုံစံဖြစ်နေတာဆန်းလား။ ” ဟူ၍ လူမျိုးရေးဘာသာရေး အမုန်းတရား ဖြစ်ပေါ်လာအောင်ရည်ရွယ်ချက်ရှိရှိရေးသားထားသော အမုန်းစကားရေးသားမှုတစ်ခုကို Ko Song အမည်ရှိ Facebook အကောင့်တစ်ခုမှ စက်တင်ဘာလ ၂၀ ရက်နေ့က ရေးသားထားသည်ကို တွေ့ရပါသည်။ ၎င်းအမုန်းစကားရေးသားမှုတွင် “ လူဦးရေရဲ့ ၄.၂ % ပဲရှိတဲ့ ခရစ်ယာန်တွေက သမ္မတနဲ့ ဝန်ကြီးချုပ်အပါ ၆ဦး ယူထားတယ်တိုင်းရင်းသားထဲမှာ လူဦးရေတသန်းကျော်ပဲရှိတဲ့ ခရစ်ယာန် ကချင်က ၂ယောက် ချင်းက ၂ယောက်ပါတယ်။ လူဦးရေ ၁၀သန်းလောက်ရှိတဲ့ ဗုဒ္ဓဘာသာရှမ်းမျိုးနွယ်နဲ့ ရခိုင်က တစ်ယောက်မှမပါဘူး" ဟူ၍ တိုင်းရင်းသားများအကြား လူမျိုးရေး၊ ဘာသာရေးကိုအခြေခံ၍ အမုန်းတရားများကြီးထွား လာစေရန် ရည်ရွယ်ချက်ရှိရှိ သွေးထိုး လှုံဆော်ရေးသားထားခြင်းဖြစ်သည်ကို တွေ့ရှိခဲ့ရပါသည်။ ၎င်းရဲ့ ရေးသားချက်ကို ၇၄ ဦးက like လုပ်ပြီး ၅၃ ဦးက ပြန်လည် share ထားတာ တွေ့ရပါတယ်။ - Source
“ အမေရိကန်နဲ့အနောက်အုပ်စုဆိုတာက ခရစ်ယာန်တိုင်းပြည်များဖြစ်တယ် PDF ကို အကြမ်းဖက်သင်တန်းပေးနေတဲ့ KNU,KIA ဆိုတာလည်း ခရစ်ယာန်အဖွဲ့အစည်းတွေဖြစ်တယ်။ ” ဟူ၍ ခရစ်ယာန်ဘာသာနှင့်ပက်သက်၍ အမုန်းတရားဖြန့်ဝေရေးသားမှုတစ်ခုကို အစွန်းရောက် အမျိုးသားရေးသမားတစ်ဦးဖြစ်သော စစ်တပ်လော်ဘီမီဒီယာသမားဖြစ်သည့် နောင်တော်လေး၏ Myanmar National Post အမည်ရှိ Telegram Channel တွင် ဇွန်လ ၂၈ ရက်နေ့က ရေးသားထားသည်ကို တွေ့ရပါသည်။ ထို ခရစ်ယာန်ဘာသာနှင့်ပက်သက်၍ အမုန်းတရားဖြန့်ဝေရေးသားမှုမှာ "လက်ရှိဖြစ်ပေါ်နေသော တော်လှန်ရေးဆိုသည်မှာ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုက ဗုဒ္ဓဘာသာမြန်မာနိုင်ငံသားတွေ အပေါ်ကျူးလွန်နေတဲ့ လူမျိုးတုန်းသတ်ဖြတ်မှုဟူ၍လည်းကောင်း၊ နိုင်ငံတကာတရားရုံးဆိုတာ အမေရိကန်လက်ခုပ်ထဲကရေပဲ ကျွန်တော်တို့ CRPH, NUG ကို အမြစ်ဖြတ်နိုင်မှ ဗုဒ္ဓဘာသာမြန်မာ့လူ့ အဖွဲ့အစည်းအရှည်တည်တံ့ခိုင်မြဲနိုင်မှာ" ဟူ၍ ခရစ်ယာန်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာ၀င်များအကြား သံသယပွားကာ ဘာသာရေးပဋိပက္ခများဆီသို့ဦး တည်သွားစေရန်အထိ ရည်ရွယ်ချက်ရှိရှိ ဘာသာနှင့်ပတ်သက်၍ အမုန်းတရားဖြန့်ဝေရေးသားထား ခြင်းဖြစ်သည်ကို တွေ့ရှိခဲ့ရပါသည်။ နောင်တော်လေး၏ Myanmar National Post အမည်ရှိ Telegram Channel ကို Subscribers ပြုလုပ်ထားသူ ၁၂၉၀၀ ဦးရှိပြီး ၎င်း အမုန်းစကားရေးသားမှုကို ဝင်ရောက်ကြည့်ရှုသူ Viewers ၄၃၀၀ ကျော်အထိရှိခဲ့ပါသည်။
" KNDO (ဝက်မစား+ရေငုတ်) Vs DKBA (ဗုဒ္ဓဘာသာ) ဝေါလေ ဖလားကြီး လုကျရာဝယ်ဗမာစစ်တပ်နဲ့BGF ဝင်မရှုပ်ရတဲ့။ ပွဲကတော့ ကြည့်ကောင်းမယ်"ဟူ၍ ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း တစ်ခုဖြစ်သော KNDOအဖွဲ့အပေါ် ဘာသာရေးကိုအခြေခံ၍ လူထုအမုန်းတရားကြီးထွားစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် သွေးထိုးလှုံ့ဆော်ရေးသားထားသည့် အမုန်းစကားရေးသားမှုတစ်ခုကို စောအဲ့ဝါး အမည်ရှိ Facebook အကောင့်တစ်ခုမှ ဇွန်လ၂၁ ရက်နေ့ကရေးသားထားသည်ကို တွေ့ရပါသည်။
ထိုဘာသာရေးအမုန်းတရား ကြီးထွားအောင် သွေးထိုးလှုံ့ဆော် ရေးသားထားသည့် Postတွင် ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတစ်ခုဖြစ်သော KNDO အဖွဲ့သည် အစ္စလာမ်နှင့် ခရစ်ယာန်ဘာသာဝင်များ၏အဖွဲ့ဖြစ်သည်ဟု ပုံဖော်ထားကာ အခြားသော ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် DKBA (ဗုဒ္ဓဘာသာ)အဖွဲ့ နှင့် ဘာသာရေးအတွက် တိုက်ခိုက်ကြရမည့် ပုံဖော်ရေးသားထားခြင်းသည် မြန်မာနိုင်ငံ လူများစုဖြစ်သော ဗုဒ္ဓဘာသာဝင်များနှင့် လူနည်းစုဘာသာဝင်များ ဖြစ်ကြသော ခရစ်ယာန်ဘာသာဝင်များ၊ အစ္စလာမ်ဘာသာဝင်များအကြား ဘာသာရေးကိုအခြေခံ၍ ပဋိပက္ခများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ချက်ရှိရှိ သွေးထိုးလှုံ့ဆော်ရေးသားထားခြင်းဖြစ်သည်ကို တွေ့ရှိခဲ့ရပါသည်။ ၎င်းရဲ့ ရေးသားချက်ကို ၅၆၇ ဦးက like လုပ်ပြီး ၂၉ ဦးက ပြန်လည် share ထားတာ တွေ့ရပါတယ် - Source
"ကရင်အမျိုးသားရေး ဆရာတော်စောကြယ်ဖြူကို ခြိမ်းခြောက်အသတ်ခိုင်း၊ ဆရာတော်ကို သတ်ဖြတ်လုပ်ကြံနိုင်ရင် ဘတ် ၅ သိန်းပေးမယ်ဆိုပြီးကြေငြာ KNDO နယ်ဒါးမြရဲ့ နံပါတ် ဘယ်လောက်မှန်းမသိတဲ့ ရေငုတ်မ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးတာဘဲ" ဟူ၍ ဗုဒ္ဓဘာသာဝင် ရဟန်းသံဃာတော် တစ်ပါးအား ခရစ်ယာန်ဘာသာဝင် အမျိုးသမီးတစ်ဦးမှ လုပ်ကြံသတ်ဖြတ်ရန်အတွက် ငွေပေးကာခိုင်းစေသည်ဟူ၍ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာတို့အကြား ကြီးမားသော ဘာသာရေးပဋိပက္ခ ဖြစ်ပေါ်စေရန် ရည်ရွယ်ချက်ရှိရှိ ရေးသားထားသည့် အမုန်းစကား သတင်းအမှားတစ်ခုကို Shin Hsat Wai အမည်ရှိ Facebook အကောင့်တစ်ခုမှ မတ် လ ၃၀ ရက်နေ့က ရေးသားထားသည်ကို တွေ့ရပါသည်။ ၎င်း ဘာသာရေးပဋိပက္ခဖြစ်ပေါ်စေရန် ရည်ရွယ်ချက်ရှိရှိ ရေးသားထားသည့် အမုန်းစကား သတင်းအမှားတွင် ခရစ်ယာန်ဘာသာအပြင် အစ္စလာမ်ဘာသာဝင်များကိုလည်း ထည့်သွင်း ရေးသားထားသည်ကို တွေ့ရှိရပါသည်။ အစ္စလာမ်ဘာသာဝင်များနှင့် ပတ်သက်၍ မဟုတ်မမှန်လုပ်ကြံရေးသားရာတွင် ကမ္ဘာ့အစ္စလာမ်အဖွဲ့ချုပ်ဖြစ်သည့် OIC အဖွဲ့သည် မဲဆောက်တွင် အခြေစိုက်ကာ မြဝတီတွင် ဘာသာရေး၊ လူမျိုးရေး၊ စီးပွားရေး ခြယ်လှယ်ခွင့်မရလို့ ဆရာတော်အား လုပ်ကြံခိုင်းတာဖြစ်ကြောင်းလည်း ထည့်သွင်း ရေးသားထားသည်ကို တွေ့ရပါသည်။ မြန်မာနိုင်ငံ လူများစုဖြစ်သော ဗုဒ္ဓဘာသာဝင်များနှင့် လူနည်းစုဘာသာဝင်များဖြစ်ကြသော ခရစ်ယာန်ဘာသာဝင်များ အစ္စလာမ်ဘာသာဝင်များအကြား ဘာသာရေးကို အခြေခံ၍ ပဋိပက္ခများဖြစ်ပေါ်လာစေရန် ရည်ရွယ်ချက်ရှိရှိ သွေးထိုးလှုံ့ဆော်ရေးသားထားခြင်းဖြစ်သည်ကို တွေ့ရှိခဲ့ရပါသည်။ ၎င်းရဲ့ ရေးသားချက်ကို ၅၆၇ ဦးက like လုပ်ပြီး၂၉ ဦးက ပြန်လည် share ထားတာတွေ့ရပါတယ် - Source
အာဏာသိမ်းစစ်ကောင်စီ၏ မီဒီယာဝါဒဖြန့်ချီရေးသမားတစ်ဦးဖြစ်သည့် Myanmar Hard Talk အမည်ရှိ သတင်းမီဒီယာ၏ အယ်ဒီတာဖြစ်သော အောင်မင်းသည် သူပိုင်မီဒီယာဖြစ်သည့် Myanmar Hard Talk မှ “ ဗုဒ္ဓဘာသာကိုစော်ကားနေသူတွေကြည့်ရမယ့် ဗွီဒီယို" ဟူ၍ ခေါင်းစဉ်ပေးထားသည့် ခရစ်ယာန်ဘာသာအား မဟုတ်တမ်းတရားစွပ်စွဲပြောကြားနေသည့် video file တစ်ခုကို ထုတ်လွှင့်ခဲ့ပါသည်။ ထို video file ကို ၁၄.၁.၂၀၂၃ ရက်နေ့တွင် Myanmar People Entertainment အမည်ရှိ Facebook Page တစ်ခုမှဖြန့် ဝေခဲ့သည်ကို စောင့်ကြည့်တွေ့ရှိခဲ့ရပါသည်။ စစ်တပ်လော်ဘီအောင်မင်းသည် ၎င်း video file ထဲတွင် ခရစ်ယာန်ဘာသာကို အခြားဘာသာဝင်များ မုန်းတီးရွံရှာစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် မဟုတ်မမှန်လုပ်ကြံစွပ်စွဲ ပြောကြားမှုများစွာ ပြုလုပ်ခဲ့ပါသည်။ Myanmar People Entertainment Page မှတင်ခဲ့သည့် ထို ဘာသာရေး အမုန်းစကားပြောကြားမှု video file Post အား Like ပြုလုပ်သူပေါင်း ၃၂၀၀ ကျော်ရှိခဲ့ပြီး ပြန်လည်ဝေမျှ Share ပြုလုပ်သူပေါင်း ၁၂၀၀ ကျော်ရှိသည်ကို တွေ့ရှိခဲ့ရပါသည်။ : Source
" PDF 70% က ခရစ်ယာန်တွေဖြစ်နေပါတယ်။ ခရစ်ယာန်တွေဟာ စုတ်ကျီလက်ထက်မှာသူတို့ ခေတ်ရောက်ပီဟု ကြွေးကြော်ခဲ့တယ်။” ဟူ၍ ခရစ်ယာန်ဘာသာဝင်များအား အပြစ်သားများသဖွယ်စွပ်စွဲ ရေးသားထားသည့် မဟုတ်မမှန်လုပ်ကြံဝါဒဖြန့်အမုန်းစကားရေးသားမှုတစ်ခုကို ၁၈.၃.၂၀၂၃ ရက်နေ့က အော်ပီကျယ် အမည်ဖြင့် facebook သုံးစွဲသူတစ်ဦးမှ ၎င်း၏ facebook စာမျက်နှာတွင် ရေးတင်ထားသည်ကို စောင့်ကြည့်တွေ့ရှိခဲ့ရပါသည်။ စစ်တပ်၏ မတရားအာဏာသိမ်းမှုကို မကျေနပ်ကြ၍ လက်နက်ကိုင်စွဲ တွန်းလှန်နေကြသည့် တော်လှန်ရေးအင်အားစုများကို ဘာသာရေးအခြေပြုကာ မဟုတ်မမှန်ရေးသားပြီး ခရစ်ယာန်ဘာသာအား လူမုန်းများစေရန် ရည်ရွယ်ချက်ရှိရှိ မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်ရေးသားထားခြင်းဖြစ်သည်ကို တွေ့ရှိခဲ့ရပါသည်။ ၎င်းရဲ့ရေးသားချက်ကို ၁၄၁ ဦးက like လုပ်ပြီး ၈၈ ဦးက ပြန်လည် share ထားတာ တွေ့ရပါသည် : Source
၆မျိုးချစ်စိတ် စကားလုံးနှင့် အစွန်းရောက်အမျိုးသားရေးသမားတို့၏ အကြမ်းဖက်လှုပ်ရှားမှုများ
မျိုးချစ်စိတ်နှင့် အမျိုး၊ ဘာသာ၊ သာသနာ ဟူသော စကားလုံးများကို စစ်တပ်နှင့် အစွန်းရောက်အမျိုးသားရေး လှုပ်ရှားသူများသည် တွင်တွင်ကျယ်ကျယ် အသုံးပြုနေသည်။ မွတ်စလင်ကို ဘုံရန်သူအဖြစ် ပုံဖော်ရာတွင် ပြည်သူလူထုကို လှည့်စားစည်းရုံးရန် အသုံးပြုထားသော စကားများဖြစ်သည်။ မွတ်စလင်များသည် တိုင်းပြည် အချုပ်အခြာအာဏာကို ထိပါးနေသောသူများအဖြစ် လူထုကြား အမုန်းစကားများစွာ ဖြန့်ချိထားမှုကြောင့် အစ္စလာမိုဖိုးဘီးယားမှာ မြန်မာပြည်သူတရပ်လုံးကြားတွင် ပျံ့နှံ့နေသည်။ ၂၀၂၂ခုနှစ်တွင် မျိုးချစ်စိတ်နှင့် အမျိုးဘာသာ စကားလုံးနှင့် ပတ်သက်ဆက်စပ်သော စကားလုံးများ သုံးစွဲမှုများကို လေ့လာကြည့်ရာတွင် စစ်ကောင်စီဥက္ကဌ မင်းအောင်လှိုင်မှ စ၍ လူမှုကွန်ယက် အကောင့်တုများထိပါ ကြိမ်ဖန်များစွာ သုံးစွဲထားကြောင်း တွေ့ရသည်
“တပ်မတော်သည် လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာသော မျိုးချစ် တပ်မတော်ဖြစ်ကြောင်း" မင်းအောင်လှိုင်က ပြောသည်။ “မျိုးချစ်စိတ်ဓါတ် ဆိုသည်မှာ တိုင်းပြည်နှင့် လူမျိုးကို ထိပါက မချိအောင်နာသည့် စိတ်ပင်ဖြစ်ကြောင်း မျိုးချစ်စိတ်ဓါတ်အားနည်းပါက တိုင်းပြည်နှင့် လူမျိုးအတွက်များစွာ အန္တရာယ်ရှိနိုင်ကြောင်း" လည်း မင်းအောင်လှိုင်က ဖွင့်ဆိုပြီး NLD အုပ်ချုပ်စဉ်ရှေ့ ၅ နှစ်တွင် “ဘာသာသာသနာ ညှိုးနွယ်လာကြောင်း" စသည်ဖြင့် မျိုးချစ်စိတ်နှင့် ပတ်သက်ပြီးကြိမ်ဖန်များစွာ ပြောကြားခဲ့သည်။
မျိုးချစ်စိတ်" ဟူသော စကားလုံးသည် မြန်မာနိုင်ငံတွင် အမုန်းစကားပေါက်ဖွားရာ ပင်မသန္ဓေဖြစ်နေသည်။ ယင်းစကားလုံးဖြင့် အစ္စလာမိုဖိုးဘီးယား ဇာတ်ကြောင်း တခုလုံးကို တည်ဆောက်ထားသည်။ မျိုးချစ်စိတ်အားနည်းလျှင် တိုင်းပြည်နှင့်လူမျိုး ပျောက်သွားမည်ဟု လူထုအား အကြောက်တရားထည့်သွင်းပြီး တဘက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် မျိုးချစ်စိတ် အားနည်းကြောင်းနှင့် မွတ်စလင်အရေးသာလုပ်ဆောင်ကြောင်း အမုန်းစကားနှင့် သတင်းတု သတင်းမှားများကို စစ်တပ်၊ အမျိုးသားရေး အုပ်စုများ၏ ဂျာနယ်၊ လက်ကမ်းစာရွက်နှင့် လူမှုကွန်ယက်စာမျက်နှာများတွင်များစွာ ဝါဒဖြန့်ချိထားသည်။
မျိုးချစ်စိတ် စကားလုံးနှင့် ချိတ်ဆက်ဆက်စပ်ပြီး သုံးထားသော အကြောင်းအရာနှင့် စကားလုံးများမှာ “အမျိုး ဘာသာ သာသနာ စော်ကားခံရပြီး လူမျိုးခြား ဘာသာခြား ဘာသာသာသနာများရဲ့ ဝါးမြိုတာ ခံရနိုင်ကြောင်း”၊ “လူမျိုးပျောက်ပြီး နိင်ငံပျောက်သည်အထိ ပေးဆပ်မှုကြီးမားသွားနိုင်တယ်ဆိုတာ အထူး သတိချပ်ဖို့လိုကြောင်း" အမုန်းစကားများကို စစ်ကောင်စီထုတ်နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။
ထို့ပြင် “အမျိုးသား ဒီမိုကရေစီ (NLD) အစိုးရသည် မြေစမ်းခရမ်းပျိုး ပထမ ငါးနှစ်သက်တမ်းတွင် အမျိုးဘာသာသာသနာ ညှိုးနွမ်းပျောက်ကွယ်အောင် လုပ်ဆောင်ခဲ့သည်" ဟု စွပ်စွဲထားပြီး ပြီးခဲ့တဲ့ ၅ နှစ်တာ ကာလအတွင်း မြန်မာတို့ အစဉ်အလာ ယဉ်ကျေးမှုများ ပျက်ယွင်းလာခဲ့သည် ဘာသာပေါင်းစုံ လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိသည်ဟူသော အကြောင်းပြချက်ဖြင့် အမျိုးဘာသာသာသနာဆိုင်ရာ အဖွဲ့အစည်းများကို ဖျက်ဆီးပစ်ခဲ့သည်"ဟု လူထုကြား အမုန်းတရားနှင့် ထင်ယောင်ထင်မှားဖြစ်စေရန် စစ်ကောင်စီထုတ် နိုင်ငံပိုင်သတင်းစာ အယ်ဒီတာ့အာဘော်က ဝါဒဖြန့်ချိခဲ့သည်။
ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ ၂၀၁၀ နောက်ပိုင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအုပ်ချုပ်ချိန်တွင် State sponsor ဖြင့် ဖော်ဆောင်လာခဲ့သော အမျိုးသားရေးလှုပ်ရှားမှုဟူသော မွတ်စလင်ဆန့်ကျင်ရေးများသည် အမျိုးသားဒီမိုကရေစီ အစိုးရလက်ထက်တွင် လျော့နည်းသွားခဲ့ပြီး စစ်တပ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာခဲ့သော လူထုတော်လှန်ရေး လှုပ်ရှားမှုများတွင် ပြည်သူများအား အကြမ်းဖက် သတ်ဖြတ်မှုများကို ဦးဆောင်နေကြောင်း တွေ့ရှိရသည် စစ်သင်တန်းပို့ချမှုသင်တန်းဆင်းပွဲတွင် အမျိုးသားရေး ဆရာတော်ဟု ကြွေးကြော်နေသော ဘုန်းကြီး ဦးဝါသဝကမိန့်ခွန်းပြောကြားခဲ့သည်။ ၎င်းမိန့်ခွန်းပြောကြားစဉ်တွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် ပြည်သူများကို ရန်တိုက်ပေးသော ဟောပြောချက်များ၊ ဗုဒ္ဓဝါဒနှင့် ဆန့်ကျင်သော အကြမ်းဖက်သတ်ဖြတ်မှုအားပေးသော “pdf သတ်ဖို့ လေ့ကျင့်နေတယ်။ Pdf ကို သတ်ရဲလား သတ်ရဲပါတယ်" "ကိုယ့်ရွာ၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာ၊ ကိုယ့်နိုင်ငံကို ဖျက်ဆီးလာခဲ့လို့လျှင် သတ်ရဲလား" ဟူသော သံပေါက်များကို ရိုင်ဖယ်သေနတ်လွယ်ထားသော အစွန်းရောက် အမျိုးသားရေးသမားများကို တိုင်ပေး၍ တိုင်ပေါက်ညီ ဟစ်ကြွေးခဲ့ကြသည်။
တဘက်တွင်လည်း ရိုဟင်ဂျာ/မွတ်စလင်များသည် တိုင်းပြည် အချုပ်အခြာကို ထိပါးနေကြောင်း၊ NUG သည် အနောက်ကမ္ဘာနှင့် မွတ်စလင်နိုင်ငံများ ခိုင်းသည်များကို လုပ်ဆောင်နေကြောင်း စစ်ကောင်စီထုတ် နိုင်ငံပိုင် သတင်းစာများ၊ စစ်တပ်အရာရှိဟောင်းများ ထုတ်ဝေသော ဂျာနယ်များ လူမှုကွန်ယက်များနှင့် မြေပြင်တွင် တနိုင်ငံလုံး အတိုင်းအတာနှင့် ဝါဒဖြန့်ချိနေသည် သို့သော် ပြည်သူလူထုအများစုမှာ စစ်တပ်အား လုံးဝအယုံအကြည် မရှိတော့ကြောင်း တွေ့ရှိရသည်။ မြန်မာဗုဒ္ဓ ဘာသာအများစုမှာ ဒီမိုကရေစီ လိုချင်ကြသော်လည်း တန်းတူအခွင့်အရေးဆိုသည်မှာ ဝေးစွ ကာလရှည်ကြာကတည်းက နစ်ဝင်နေသော အစ္စလာဖိုးဘီးယား၏ သက်ရောက်မှုကြောင့်မွတ်စလင်နှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးကိုပင် မလိုလားကြဘဲ မွတ်စလင်များကို မမြင်၊ မကြားချင်လောက်အောင် အမုန်းတရား စွဲကပ်နေသေးကြောင်း မြင်တွေ့ရသည်
မွတ်စလင်မုန်းတီးရေးဝါဒီများသည် ပျူစောထီးလက်နက်ကိုင်များအဖြစ် ပြောင်းလဲသွားပြီး အကြမ်းဖက် သတ်ဖြတ်မှုများ ပြုလုပ်လာသည်။ အာဏာသိမ်းစစ်တပ်သည် နယ်မြေရှင်းလင်းရေးလုပ်ငန်းစဉ်များ ပြုလုပ်လာပြီး အရပ်သားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကြိမ်ဖန်များစွာ ပြုလုပ်ခဲ့သည်ကို တွေ့ရှိရသည်။ ယင်းလှုပ်ရှားမှုများတွင် ပျူစောထီးများသည် ထဲထဲဝင်ဝင် ပါဝင်နေကြောင်း သိရှိရသည်
နွေဦးတော်လှန်ရေးသည် မြန်မာပြည် ဒီမိုကရေစီ အပြောင်းအလဲအတွက်တင်မကဘဲနွေဦးတော်လှန်ရေး မအောင်မြင်လျှင် သို့မဟုတ် နှစ်ကာလ အချိန်ကြာမြင့်လာလျှင် တိုင်းပြည်တွင်းတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ အလွယ်တကူနှင့် ပိုမိုလက်လွတ်စပယ် လုပ်ဆောင်လာနိုင်သည်။ မြန်မာ့လူ့အစုအဝေးတွင် မွတ်စလင်ဆန့်ကျင်ရေးသည် အမြစ်တွယ်နေပြီး မွတ်စလင်များကို မြန်မာ့မြေမှ အပြီးတိုင်မောင်းထုတ်ရန် သို့ ရှင်းလင်းသတ်ဖြတ်ရန် နှင့် Muslim genocide ထိ သက်ရောက်သော အမုန်းစကားများကို state holder level ရှိ အစွန်းရောက်အမျိုးသားရေးခေါင်းဆောင်များက ပုံစံမျိုးစုံဖြင့် ပြောကြားခဲ့သည်။ ၎င်းတို့ထဲက ထင်ရှားကျော်ကြားသော အချို့မှာ -
၁၉၃၁ ခုနှစ်တွင် ရွှေဖီ ရေးသားသော စာအုပ်ကို မကျေမနပ်ဖြစ် ၁၉၃၈တွင် လွတ်လပ်ရေးတိုက်ပွဲအတွက် ဦးဆောင်ရုန်းကန်နေသော နိုင်ငံရေးအင်အားကြီး သံဃာ့အစုအဖွဲ့ဖြစ်သော ရဟန်းပျိုအဖွဲ့က ရွှေတိဂုံစေတီပေါ်တွင်ပြုလုပ်သော သံဃာ ၁၅၀၀ ကျော်နှင့် လူတသောင်းတက်သည့် အစည်းအဝေးက ဦးရွှေဖီကို အပြစ်ပေးရန် ဆုံးဖြတ်ခဲ့သည်။ အစိုးရက အရေးမယူဘူးဆိုရင်မွတ်စလင်ကို ရန်သူနံပတ် ၁ အဖြစ် သဘောထားပြီး မွတ်စလင်ဘာသာ တိုင်းပြည်က ပျောက်ကွယ်သွားတဲ့အထိ တိုက်ပွဲဝင်ဖို့လည်း ကြေညာခဲ့သည်။ ရဟန်းပျိုများ ခေါင်းဆောင်ပြီး ရန်ကုန်မြို့ထဲချီတက်ရာ ပဋိပက္ခဖြစ်ပွားပြီး မွတ်စလင် ၁၃၉ ဦး၊ ဟိန္ဒူ ၂၅ ဦး၊ ဗမာ ၁၇ ဦး စုစုပေါင်း ၁၈၁ ဦးသေဆုံးခဲ့သည်။
မြန်မာနိုင်ငံတွင် အင်အားအကြီးဆုံး သံဃာ့ဂိုဏ်းဖြစ်သော ရွှေကျင်ဂိုဏ်းကြီး၏ လက်ရှိတွင် ရွှေကျင် သာသနာပိုင် ဖြစ်သော သီတဂူဆရာတော် ဦးဉာဏိဿရသည် ၂၈ အောက်တိုဘာလ၊ ၂၀၁၇ ရခိုင်မြောက်ပိုင်း နယ်မြေရှင်းလင်းရေး လုပ်ဆောင်ချိန်တွင် ဟောကြားသောတရားတော်တွင် “သံဃာနှင့် စစ်တပ်၊ စစ်တပ်နှင့် သံဃာ၊ ဟန်ချက်ညီနေတာ ပရိသတ်ရေ အားရစရာ သိပ်ကောင်းတယ်" ဟု ဟောကြားတော်မူခဲ့ပြီး ဗုဒ္ဓဘာသာ မဟုတ်သော၊ ငါးပါးသီလ မရှိသော၊ သရဏဂုဏ် မတည်သောသူများကို သတ်ဖြတ်သည်မှာ သတ်ဖြတ်မှုအတွက် စိတ်ပူရန်မလိုကြောင်း၊ အပြစ်မရှိကြောင်းကို ပုံတိုပတ်စများဖြင့် တန်ဆာဆင် ဟောကြားခဲ့သည်။
အစွန်းရောက် အမျိုးသားရေး ခေါင်းဆောင် တဦးဖြစ်သူ ဆရာတော် ဝီရသူသည် မန္တလေးကမွတ်စလင်များကို ခေါင်းမဖော်နိုင်အောင် ပြုလုပ်သွားမည်ဟု ၂၀၀၁ခုနှစ်က ပြုလုပ်ခဲ့သော တရားပွဲတွင် ပြောင်ကျကျ ထည့်သွင်းဟောပြောခဲ့ပြီး ယနေ့အချိန်အထိ မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို တစိုက်မက်မက် ပြုလုပ်နေသည်။
ဦးသိန်းစိန် သမ္မတ တာဝန်ထမ်းဆောင်စဉ် ၂၀၁၃ ခုနှစ်တွင် ရိုဟင်ဂျာ မွတ်စလင်များကို တတိယနိုင်ငံ ပို့မည်ဟု သမ္မတမိန့်ခွန်းတွင် တရားဝင် ပြောကြားခဲ့သည်
မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဌ စစ်တပ်လော်ဘီနှင့် အစွန်းရောက်အမျိုးသားရေး လှုပ်ရှားမှုများ ဦးဆောင်လုပ်ဆောင်သူ နေမျိုးဝေသည်လည်း ရိုဟင်ဂျာ မွတ်စလင်များ အားလုံးကို ပင်လယ်ထဲမျောပြီး မြန်မာပိုင်နက်ထဲ ကပ်လာလျှင် ပစ်သတ်ပြစ်ရမည်ဟု ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်ဆုံး ဝန်းရံသူတဦးဖြစ်သော ဒီမိုကရေစီနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မောင်မောင်အေးသည် ၂၀၁၇ ၊ သြဂုတ် ၂၆ စစ်တပ် ရိုဟင်ဂျာ ဂျီနိုစိုက်နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေချိန်တွင် “အခုအချိန် ရခိုင်မှာ စပီကာအကြီးကြီးတွေကို တင့်ကားတွေပေါ်တင်. . .နိုင်ငံတော်သီချင်းဖွင့်ပေးပြီး လိုက်မဆိုနိုင်တဲ့ကောင် ပစ်သတ်တမ်းကစားစေချင်မိ” (ရိုဟင်ဂျာ မွတ်စလင်များကို နိုင်ငံတော်သီချင်း မဆိုနိုင်သူများဟု မြန်မာ့လူ့အစုအဝေးက သတ်မှတ်ထားသည်) ဟု လူမှုကွန်ယက်မှ ရေးသားခဲ့သည်
၂၀၁၇ တွင် ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာမွတ်စလင်များအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်ခဲ့သော နယ်မြေရှင်းလင်းရေး မပြီးပြတ်သေးမှုနှင့် ပတ်သက်၍လည်း အဆုံးသတ်ရန် စစ်တပ်ခေါင်းဆောင်များက အလိုရှိနေသည်ကို တွေ့ရသည် အငြိမ်းစားဗိုလ်မှူးကြီး မောင်မောင်ငြိမ်းသည် ရိုဟင်ဂျာအရေးကိစ္စ ခေတ်အဆက်ဆက် ကိုင်တွယ်ဖြေရှင်းပုံများကို စစ်ကောင်စီသို့ပေးပို့ထားသော Displacement with dignity: Bangali (Rohingya) စာတမ်းတွင် ဖော်ပြထားပြီး “ဘင်္ဂါလီ (ရိုဟင်ဂျာ) အရေးကိစ္စသည် အမျိုးသားရေး ကိစ္စဖြစ်ကြောင်း အချုပ်အခြာအာဏာ၊ အမျိုး၊ ဘာသာနှင့် တိုက်ရိုက်သက်ဆိုင်နေကြောင်း ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် အဆုံးသတ်ပေးရန် လိုအပ်ပါကြောင်း" သုံးသပ်ဖော်ပြထားသောကြောင့် တိုင်းပြည်တွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ ပြုလုပ်နေသော စစ်တပ်နှင့် မွတ်စလင်မုန်းတီးရေးဝါဒီ ပျူစောထီးများအတွက် ရိုဟင်ဂျာနှင့် မွတ်စလင် ဂျီနိုစိုက် သတ်ဖြတ်မှုများ ထပ်မံပြုလုပ်ရန် တွန်းအားပေးနေသည်။
အကြံပြုချက်
မြန်မာနိုင်ငံသည် ၂၀၂၁ခုနှစ်မှစ၍ အာဏာသိမ်းမှုကို ကြုံတွေ့နေရချိန်ဖြစ်ပြီး နိုင်ငံအနှံ့တွင် လူမဆန်သော ရက်စက်ကြမ်းကျုတ်မှုများကို ကြံ့ကြံ့ခံနေရချိန်လည်း ဖြစ်ပါသည်။ အလားတူပင် မြန်မာနိုင်ငံအနှံ့အပြားတွင် ဒီမိုကရေစီလိုလားသော ပြည်သူလူထု အစုအဖွဲ့များမှ အာဏာသိမ်းမှုကို ခုခံတိုက်ခိုက်နေရချိန်လည်းဖြစ်သည်။ ယခုကဲ့သို့ အခြေအနေမျိုးသည် အလွန်ပင် အကဲဆတ်သောကာလဖြစ်ကာ အတိမ်းအစောင်းသေးသေးတစ်ခုမှပင် ထိခိုက်မှုများစွာဖြစ်နိုင်သည်ကို သတိပြုရပေမည်။
အဓိက တွေ့ရှိချက်များတွင် တင်ပြထားသော အချက်အလက်များအရ အမုန်းစကားများမှာ ဘာသာတရား မတူညီမှုပေါ်တွင် အခြေခံကာ အစ္စလာမ်ဘာသာဝင်များနှင့် ခရစ်ယာန်ဘာသာဝင်များကို ထိခိုက်မှုရှိစေရန် ရည်ရွယ်ကြောင်း ထင်ရှားစွာတွေ့ရှိရသည်။
၁ပြည်သူလူထုထံသို့ အောက်ပါ အချက်များကို အကြံပြုအပ်ပါသည်။
- ပြည်သူများမှ အမုန်းစကားများကို ကိုယ်တိုင်မသိလိုက်ပဲ ဖြန့်ဝေသူများမဖြစ်စေရန် အကြောင်း အရာများ၏ အကျိုးဆက် အတိမ်အနက်ကို သိရှိနားလည်အောင် လေ့လာရန်
- အမုန်းစကားတင်ပြချက်များ ဖြန့်ဝေချက်များတွေ့ရှိပါက အလျင်အမြန် (comment, share) မပြုလုပ်ဘဲ (report) ပြုလုပ်ရန်
- ကောင်းမွန်သော သတင်းစကား အကြောင်းအရာများ မျှဝေပြီး (counter) ပြန်ပြုလုပ်ကြရန်
၂အရပ်ဖက် လူ့အဖွဲ့အစည်းများထံသို့ အောက်ပါအချက်များကို အကြံပြုအပ်ပါသည်။
- အမုန်းစကားနှင့်ပတ်သက်ပြီး ပြည်သူလူထုကို ဗဟုသုတပေးမှု အစီအစဉ်များကို ပိုမိုဆောင်ရွက်ရန်
- အမုန်းစကားများကိုသေချာစွာ စောင့်ကြည့်ရန်နှင့် မှတ်တမ်းတင်ရန်
- အမုန်းစကားကြောင့် မလိုလားအပ်သော အကျိုးဆက်များမဖြစ်အောင် အမြဲတစေ သတိရှိရန်နှင့် အမုန်းစကားကို ပြန်လည် (Counter) လုပ်ရန်
- ပြည်သူလူထုအကြား မတူညီသော ဘာသာအချင်းချင်း အပြန်အလှန် လေးစားမှုနှင့် နားလည်မှုကို ပိုမို ကောင်းမွန်စေသော လုပ်ငန်းစဉ်များကို ဦးစားပေးဆောင်ရွက်ရန်






































