Skip to main content
 
Support our workStand with every
community in Burma
Donate →
Report 26 March 2022

ဒီဂျစ်တယ်အမုန်းစကား နှစ်ပတ်လည်အစီရင်ခံစာ — ၂၀၂၁ ခုနှစ်

2,946 views
Share FacebookXWhatsApp
Key figures
213မွတ်စလင်
46ရိုဟင်ဂျာ
13ခရစ်ယာန်
4ဟိန္ဒူ

အမုန်းစကားနှင့် သတင်းအမှား ပစ်မှတ်ထားရာ အုပ်စုများ (ဇန်နဝါရီ – ဒီဇင်ဘာ ၂၀၂၁)

The full report
Report cover: Digital hate Annual report 2021
In this report
  1. သုတေသနနည်းနာ
  2. အမုန်းစကားနှင့် နိုင်ငံရေး
  3. ခွဲခြားဆက်ဆံမှုနဲ့ အမုန်းစကား အသုံးအနှုန်းများ
  4. မွတ်စလင်/ အစ္စလာမ် ဆန့်ကျင်ရေးအကြောင်းအရာ၊ ဇာတ်ကြောင်းများ
  5. ခြိမ်းခြောက်အကျပ်ကိုင်ရန်၊ အကြမ်းဖက်ရန်နှင့် ခွဲခြားဆက်ဆံရန် လှုံ့ဆော်မှုများ
  6. OIC နဲ့ ချိတ်ဆက်ပြောဆိုမှုများ
  7. ရိုဟင်ဂျာများအပေါ် အမုန်းစကား
  8. ခရစ်ယာန် အပေါ်ဝေဖန်တိုက်ခိုက်မှုများ
  9. ဟိန္ဒူဘာသာဝင်တို့ယုံကြည်ရာကိုလည်း တိုက်ခိုက်
  10. သတင်းမှား / လုပ်ကြံသတင်း ( Fake News / Fabricate News)
  11. နိဂုံးချုပ် သုံးသပ်ချက် (Conclusion)

၂၀၂၁ ခုနှစ် ဇန်နဝါရီလမှစ၍ Facebook, Telegram, VK စတဲ့ လူမှုကွန်ရက်များနှင့် ဂျာနယ်အချို့တွင်လူမျိုးရေး/ ဘာသာရေး လှုံ့ဆော်ခဲ့သော Hate Speech, Fake News and Threat များကို BHRN က စောင့်ကြည့်မှတ်တမ်းတင်ထားပါသည်။

အစီရင်ခံစာပါ ဇယားပုံ
အစီရင်ခံစာပါ ဇယားပုံ

၁သုတေသနနည်းနာ

အမျိုးသားရေးလှုပ်ရှားသူများအပါအဝင် လူမျိုးရေး ဘာသာရေး အမုန်းစကားများ ရေးသားဖြန့်ချိနေသော Facebook, Telegram, VK စသည့် လူမှုကွန်ရက်စာမျက်နှာများရှိ အကောင့်များနှင့် ဂရုများ၊ စစ်ကောင်စီထုတ်သတင်းစာများနှင့် စစ်တပ်ကျောထောက်နောက်ခံပြု အမျိုးသားရေးလှုပ်ရှားသူများ၏ ဂျာနယ်များကိုလေ့လာ စောင့်ကြည့်ထားပါသည်။

မှတ်တမ်းတင်ထားသော ဘာသာရေး၊ လူမျိုးရေး ခွဲခြားဆက်ဆံသည့် အမုန်းစကား ဖြန့်ချိမှုများအနက်၂၀၂၁ ခုနှစ်အတွင်း ပျံ့နှံ့အားကောင်း၍ မတူညီသော ဇာတ်ကြောင်းများကို ကောက်နုတ် ဖော်ပြထားပါသည်။

မီဒီယာနှင့် သတင်းစီးဆင်းမှု

အမုန်းစကားဖြန့်ချိမှုလေ့လာရာတွင်နိုင်ငံတဝန်း ပြည်သူများအကြား မိုဘိုင်းဖုန်းမှတဆင့် အပြန့်နှံ့လွယ်ဆုံး လူမှုကွန်ရက် မီဒီယာများကို ဦးစားပေး စောင့်ကြည့် လေ့လာခဲ့ပါသည်။ ထိုသို့လေ့လာရာတွင် အမုန်းတရားလှုံ့ဆော်ရေးသားမှုများကို Facebook အကောင့်များပေါ်တွင် အများဆုံးတွေ့ရှိရပြီး ရုရှားအခြေစိုက် လူမှုကွန်ရက်တစ်ခုဖြစ်သော VK ပေါ်တွင် ဒုတိယအများဆုံး တွေ့ရှိရသည်။

VK ပေါ်တွင်အမုန်းတရား ဖြန့်ချိမှုများမှာ ၂၀၂၁ ခုနှစ် ဇန်နဝါရီ နှင့် ဖေဖော်ဝါရီလတွင် အများအပြားတွေ့ရသော်လည်း စစ်အာဏာသိမ်းပြီး နောက်ပိုင်း ယခင် အမုန်းတရားဖြန့်ချိမှုဖြင့် Facebook ပေါ်ကတားမြစ်ခံထားရသူ အမျိုးသားရေးလှုပ်ရှားသူများ၏ အကောင့်များမှာ VK ကွန်ရက်ပေါ်မှ Facebook စာမျက်နှာများပေါ်သို့ တဖန် ပြန်လည်ဝင်ရောက်လာခဲ့ကြကြောင်း တွေ့ရှိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ဇွန်လဝန်းကျင်တွင် Telegram အသုံးပြုမှု အားကောင်းလာပြီး အမျိုးသားရေးလှုပ်ရှားသူတချို့က Telegram တွင် သတင်း page များတည်ထောင်ကာ လှုပ်ရှားမှုများပြုလုပ်လာကြောင်းတွေ့ရှိ ရသည်။

Printing Media များအနက် အမုန်းတရားဖြန့်ချိမှုအားအကောင်းဆုံးမှာ စစ်တပ်ကျောထောက် နောက်ခံပြုသည့် Golden Hand ဂျာနယ်ဖြစ်ပြီး ယင်းစာစောင်ကို တပ်မတော်အရာရှိဟောင်းနှင့် ကြံ့ခိုင်ရေးပါတီမှလွှတ်တော်အမတ်ဟောင်းဖြစ်သူ ဘူးလတ်လှဆွေက ဦးစီးထုတ်ဝေခဲ့သည်။ Golden Hand ဂျာနယ်သည်ဘူးလတ်လှဆွေ၏ ဒုတိယမြောက်စာစောင်ဖြစ်ပြီး ပထမစာစောင်ဖြစ်သည့် Bullet ဂျာနယ်မှာ NLD အစိုးရလက်ထက်တွင် ရပ်ဆိုင်းခံရပြီးနောက် ဆက်လက်ထုတ်ဝေသော ဂျာနယ်ဖြစ်သည်။

အစီရင်ခံစာပါ ဇယားပုံ

၂အမုန်းစကားနှင့် နိုင်ငံရေး

မြန်မာနိုင်ငံတွင် လူမှုကွန်ယက် တွင်ကျယ်စွာ အသုံးပြုလာချိန် ၂၀၁၁ က စ၍ အမုန်းစကားများအထူးသဖြင့် ရိုဟင်ဂျာနှင့် မွတ်စလင်ဆန့်ကျင်ရေးများကို မြောက်များစွာ တွေ့ရှိရသည်။ ယင်းကာလမတိုင်ခင်တွင်လည်း နိုင်ငံရေး အကြပ်အတည်းကာလများတွင် စစ်အာဏာရှင်များသည် ကောလဟလ သတင်းအမှားများ လူထုကြားဖြန့်၍ ဒေါသထွက်နေသော လူအုပ်ကြီးဖန်တီးကာ မွတ်စလင်များ၏ ဗလီ၊ ကျောင်း၊ အိမ်၊စျေးဆိုင်များကို ဖျက်ဆီး ခဲ့ကြသည်။ ၂၀၂၁ခုနှစ် တကျော့ပြန် စစ်အာဏာသိမ်းပြီးချိန် လူမှုကွန်ယက်တွင်လူနည်းစု ဘာသာဝင်များအပေါ် အမုန်းစကား ဖြန့်ချိမှုများကို စောင့်ကြည့်လေ့လာရာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကာလနောက်ပိုင်းမှ ၂၀၂၁ ဇန်နဝါရီလအထိ အားကောင်းခဲ့ပြီး ဖေဖော်ဝါရီလ ၁ရက်နေ့ စစ်တပ်ကအာဏာသိမ်းပြီးနောက်တွင် လျော့ကျသွားခဲ့သည်။ စစ်အာဏာ ရှင်များသည် ၎င်းတို့ပြုလုပ်သော အခမ်းအနားများတွင် ဘာသာရေးမုန်းတီးစေရန် ပြောကြားမှုများ ပြောဆိုပြီး နောက်တွင် စစ်တပ်အရာရှိဟောင်းများ ထုတ်ဝေသော ဂျာနယ်များနှင့် အမျိုးသားရေးလှုပ်ရှားသူများ၏ လူမှုကွန်ရက်များတွင် အမုန်းစကားများသည် တဟုန်တိုးပြန်လည်မြှင့် တက်လာကြောင်း တွေ့ရှိရသည်။

လူမှုကွန်ယက်တွင် ပျံ့နှံ့နေသော အမုန်းစကားများသည် မဟာဗျူဟာကျကျ ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်နေကြောင်း တွေ့ရှိရသည်။ စစ်အာဏာရှင်ခေါင်းဆောင်များ၏ ပြောကြားချက်များကို စစ်တပ် အရာရှိဟောင်းများ ထုတ်ဝေသော ဂျာနယ်၊ မီဒီယာများတွင် ရိုဟင်ဂျာနှင့် မွတ်စလင်ဆန့်ကျင်ရေးများကို အစွန်းရောက်အမျိုးသားရေးသမားများက တွင်တွင်ကျယ်ကျယ် ရေးသားကာ ထိုမှတဆင့် စစ်အာဏာရှင် အသိုင်းအဝိုင်း၏လူမှုစာမျက်နှာ Fake account များ မှစတင် ပျံ့နှံ့လာသည်ကို တွေ့ရသည်။

ထို့နောက် CRPH/ NUG နှင့် PDF များကို ပြည်သူလူထု အကြား အထင်အမြင်လွဲမှားစေရန်၊လူထုထောက်ခံမှု လျော့ကျစေရန် နိုင်ငံရေးနှင့် လူမျိုးရေး၊ ဘာသာရေး လှုံ့ဆော်မှုများ တွဲချိတ်ရေးသားဖော်ပြသည့်အပြင် လူမျိုးရေး ဘာသာရေး ပဋိပက္ခများ ပြန်လည်ခေါင်းထောင်လာစေရန်အတွက်အစ္စလာမ်ဘာသာဝင် မွတ်စလင်နှင့် ရိုဟင်ဂျာအရေးတို့ကို ဦးတည်တိုက်ခိုက်သည့် အမုန်းစကားပြောဆို ရေးသားလှုံ့ဆော်မှုများကို တွေ့ရှိလာရသည်။ ခရစ်ယာန်များကို မုန်းတီးစေရန် ချိတ်ဆက်ရေးသားထားသောအမုန်းစကားများကိုလည်း တွေ့ရှိရသည်။

၂၀၂၁ခုနှစ် မတ်လ ၂၇ရက်နေ့ (၇၆)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား မိန့်ခွန်းတွင်စစ်ကောင်စီဥက္ကဌ မင်းအောင်လှိုင်မှ တပ်မတော်၏ဆောင်ရွက်ချက်များကို ပြောကြားရာတွင် တပ်မတော်အနေဖြင့် "ရခိုင်ပြည်နယ်အတွင်း အခြေပြုလှုပ်ရှား နေတဲ့ကုလားဆိုး သောင်းကျန်းသူများကို တိုက်ခိုက် နှိမ်နှင်းခဲ့ကြောင်း" ထည့်သွင်း ပြောကြားခဲ့သည်။

(၂၀၂၁ ခုနှစ် မတ် ၂၈ ရက်နေ့ထုတ် မြန်မာအလင်း၊စာမျက်နှာ ၇)

အစီရင်ခံစာပါ မှတ်တမ်းပုံ

၂၀၂၁ ခုနှစ် ဧပြီ ၉ ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီ ဒု-ဥက္ကဌ စိုးဝင်းက “NLD အစိုးရ အုပ်ချုပ်စဉ်၅ နှစ်အတွင်း ဘာသာရေးတွင် လွဲမှားသည့် ခံယူချက်များအတိုင်း ဆောင်ရွက်ခဲ့သဖြင့် ဘာသာသာသနာညှိုးနွမ်းလာကြောင်း" ပြောကြားခဲ့သည်။

(၂၀၂၁ခုနှစ် ဧပြီ ၉ ရက်နေ့ထုတ် မြန်မာအလင်း၊စာမျက်နှာ ၃)

အစီရင်ခံစာပါ မှတ်တမ်းပုံ

သြဂုတ်လ ၁ နေ့တွင် အာဏာသိမ်း စစ်ကောင်စီ ဥက္ကဌမင်းအောင်လှိုင်က အိမ်စောင့်အစိုးရ ဖွဲ့စည်းကြောင်းကြေညာသောသူ၏ မိန့်ခွန်းတွင် “ကျနော်တို့ နိုင်ငံကဗုဒ္ဓဘာသာအဓိက ကိုးကွယ်တဲ့ နိုင်ငံဖြစ်ပါတယ်။ ပြီးခဲ့တဲ့၅ နှစ်အတွင်းက ဗုဒ္ဓဘာသာဝင်တွေအတွက် စိတ်အားညှိုးငယ်ဖွယ်ရာများနဲ့ ကြုံတွေ့ခဲ့ရတယ်"ဟု ထည့်သွင်းပြောကြား ခဲ့ပြီးနောက် လူမှုကွန်ရက် စာမျက်နှာပေါ်တွင်လူမျိုးရေး ဘာသာရေး ဝါဒမှိုင်းတိုက် ရေးသားမှုများပြန်လည်မြင့် တက်လာသည်။ (၂၀၂၁ ခုနှစ် သြဂုတ် ၂ရက်နေ့ထုတ် မြန်မာအလင်း၊ စာမျက်နှာ ၄)

အစီရင်ခံစာပါ မှတ်တမ်းပုံ

၃ခွဲခြားဆက်ဆံမှုနဲ့ အမုန်းစကား အသုံးအနှုန်းများ

မြန်မာနိုင်ငံတွင်း မှီတင်းနေထိုင်ကြသော လူနည်းစုဘာသာဝင်များအပေါ် ခွဲခြားဆက်ဆံရာတွင်လည်းကောင်း၊ အမုန်းစကားဖြန့်ချီရာတွင်လည်းကောင်း သုံးနှုန်းပြောဆိုသော စကားလုံး အများအပြားရှိနေပါသည်။

အဆိုပါစကားလုံးအသုံးအနှုန်းများအနက် ရိုဟင်ဂျာလူမျိုး အပါအဝင် အစ္စလာမ်ဘာသာဝင် မွတ်စလင်များအတွက်ရည်ရွယ်သုံးနှုန်းသော စကားလုံးမှာ အများဆုံးဖြစ်ပြီး ဟိန္ဒူဘာသာဝင်များအပေါ် ကုလား (သို့မဟုတ်) ကလယ်စသဖြင့်သာ သုံးနှုန်း ပြောဆိုကြပါသည်။ ခရစ်ယာန်ဘာသာဝင်များအတွက်မူ ထူးခြားသော အသုံးအနှုန်းဖြင့်ခွဲခြားဆက်ဆံမှုမတွေ့ရပေ။

ရိုဟင်ဂျာအပါအဝင် လူနည်းစုမွတ်စလင်များအပေါ် ခွဲခြားသည့် အမုန်းစကားများတွင် အသုံးများသောအခေါ်အဝေါ် စကားလုံးများမှာ အောက်ပါအတိုင်းဖြစ်သည်။

၁ကုလား
အိန္ဒိယနိုင်ငံမှ ခိုးဝင်လာသူများအဖြစ် ခွဲခြား နှိမ့်ချသော စကား
၂ကုလားဆိုး
ရခိုင်ပြည်နယ်က မွတ်စလင် အထူးသဖြင့် ရိုဟင်ဂျာများကို သုံးနှုန်း
၃မွတ်ကုလား
အစ္စလာမ်ဘာသာဝင် အိန္ဒိယနွယ်ဖွားများကို ခေါ်ဝေါ်
၄မွတ်ဒေါင်း
NLD ပါတီဝင် မွတ်စလင်များအား နိုင်ငံရေးနဲ့ဘာသာရေး ရန်တိုက်ရာတွင်ခေါ်ဝေါ်သုံးနှုန်း
၅ဝက်မစား
ကုလား အသုံးအနှုန်း ရေးသားမှုများကို Facebook AI နည်းပညာဖြင့် ပိတ်ပင်တားမြစ်ခံရပြီးနောက် Facebook AI ကို ရှောင်လွှဲသည့်အနေဖြင့် အစ္စလာမ်ဘာသာဝင်များကို ဝက်သားမစားတဲ့သူ “ဝက်မစား” အဖြစ် ပြောင်းလဲခေါ်ဝေါ်
၆ဘင်္ဂါလီ
ရိုဟင်ဂျာများကို ခေါ်ဝေါ်သည့်စကား
၇ခိုးဝင်
မွတ်စလင်များ အထူးသဖြင့် ရိုဟင်ဂျာများကို မြန်မာနိုင်ငံအတွင်း ခိုးဝင်လာသူများအဖြစ် ခေါ်ဝေါ်သည့်စကား
၈ဧည့်သည်
နိုင်ငံသား လူနည်းစုအစ္စလာမ်ဘာသာဝင်များအား နိုင်ငံခြားသား ဧည့်သည်များအဖြစ် ခွဲခြားသည့်စကား
၉အစ္စလာမစ်
နိုင်ငံတကာ အကြမ်းဖက်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြောဆိုသုံးနှုန်းမှု
၁၀ဂျီဟတ်
ပြည်တွင်းမွတ်စလင်များကို နိုင်ငံတကာဂျီဟတ်ဝါဒီများနှင့် ခိုင်းနှိုင်းပြောဆိုမှု
၁၁မုတ်ဆိတ်
အစ္စလာမ်ဘာသာဝင်အမျိုးသားများ မုတ်ဆိတ်ထားသည်ကို အစွဲပြုသုံးနှုန်းသောစကား
အစီရင်ခံစာပါ ဇယားပုံ

၄မွတ်စလင်/ အစ္စလာမ် ဆန့်ကျင်ရေးအကြောင်းအရာ၊ ဇာတ်ကြောင်းများ

စစ်ကောင်စီထုတ် သတင်းစာနှင့် စစ်တပ်ကျောထောက်နောက်ခံပြု ဂျာနယ်များတွင်လည်းကောင်း၊အမျိုးသားရေး လှုပ်ရှားသူများ၏ လူမှုကွန်ရက်များတွင် လည်းကောင်း မွတ်စလင်/အစ္စလာမ် ဆန့်ကျင်ရေး ဝါဒဖြန့်လှုံ့ဆော်စာများ ရေးသားဖော်ပြခဲ့ကြပါသည်။ အဆိုပါ အမုန်းစကား လှုံ့ဆော်မှုများအနက် အချို့ကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

NUG အစိုးရသည် ရခိုင်၊ ချင်း၊ ရှမ်း စသည့်တိုင်းရင်းသားလက်နက်ကိုင်များကို ဖက်ဒရယ်အာမီဖွဲ့ရန် စည်းရုံးနေ ပြီးရည်ရွယ်ချက်မှာ မွတ်စလင်ပြည်နယ်ခွဲထွက်ရန်ဟု ဧပြီ ၂၉၊၂၀၂၁ (စာ-၂၀) မြန်မာ့အလင်းသတင်းစာပါ “တစ်လကြာရင် ပြန်လာမတဲ့လား မစာဥရယ်” ဆောင်းပါးတွင်ရေးသားထားသည်။ မွတ်စလင်ပြည်နယ်ခွဲထွက်ရန် ဆိုသော စွပ်စွဲချက်မှာ အခြေအမြစ်မရှိသော ဘာသာရေး မှိုင်းတိုက်မှုတစ်ခုဖြစ်သည်။

အစီရင်ခံစာပါ မှတ်တမ်းပုံ

"နိုင်ငံကို ရောင်းစားနေတဲ့ NUG” ခေါင်းစဉ်ဖြင့် ရိုဟင်ဂျာနှင့်ပတ်သက်ပြီး NUG ၏ ပြောဆိုချက် လုပ်ဆောင်ချက်များသည်နိုင်ငံတော်၏ အချုပ်အခြာ အာဏာ နိုင်ငံတော်ရဲ့ နယ်မြေအပေါ်ထိခိုက်လာခြင်း ဖြစ်ကြောင်း၊ လူ့အခွင့်ရေးကို အကြောင်းပြပြီးဘင်္ဂါလီအရေးကို အထောက်အထားဖော်နေတာဟာ မိမိတို့တိုင်းရင်းသားတွေကို သစ္စာဖောက်တဲ့လုပ်ရပ်ဖြစ်ကြောင်း ဇူလိုင် ၁ရက် ၂၀၂၁ (စာ-၁၄) ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

ရိုဟင်ဂျာများအား နိုင်ငံသားဖြစ်ခွင့် ဟန့်တားကန့်သတ်ထားသည့် ၁၉၈၂ နိုင်ငံသားဥပဒေကိုပြန်လည်သုံးသပ်ရန် NUG အစိုးရက ပြောဆိုလာပြီးနောက် ယခုကဲ့သို့ စစ်ကောင်စီသတင်းစာက ရေးသားလာခြင်းဖြစ်သည်။

အစီရင်ခံစာပါ မှတ်တမ်းပုံအစီရင်ခံစာပါ မှတ်တမ်းပုံ

NLD အစိုးရအုပ်ချုပ်စဉ် ၅ နှစ်တွင် အမေရိကန်၊ ဗြိတိန်၊ အီးယူ၊ OIC ဘင်္ဂါလီနှင့် ဂျော့ဆိုးရော့ အတွက်သာထဲထဲဝင်ဝင် လုပ်ဆောင်ခဲ့ကြောင်း၊ ဗုဒ္ဓဘာသာကို တန်းညှိဖျောက်ဖျက်ရေးများ ပြုလုပ်ခဲ့ကြောင်းနှင့်စစ်တပ်အာဏာသိမ်းခဲ့သည့်အတွက် လက်မတင်ကလေး လွတ်မြောက်ခဲ့သည်ဟု သြဂုတ် ၁၀ ရက်၂၀၂၁ခုနှစ် ကြေးမုံသတင်းစာ၊ စာ-၆တွင် ခေါင်းဆောင်တို့၏ နိုင်ငံနှင့် လူမျိုးအတွက် ဆောင်ရွက်ချက်များခေါင်းစဉ်ဖြင့် ဆောင်းပါးတွင် ဖော်ပြခဲ့သည်။

အဆိုပါ စွပ်စွဲချက်များမှာ NLD သည် OIC၊ ဘင်္ဂါလီ စသည့် မွတ်စလင်များကိုသာ အရေးပေးပြီးဗုဒ္ဓဘာသာကို ဖျောက်ဖျက်ရန်လုပ်ဆောင်နေသည်ကို အာဏာသိမ်းစစ်ကောင်စီက အချိန်မီ ကယ်တင်လိုက်ကြောင်း စစ်ကောင်စီသတင်းစာက ရေးသားထားသည့် ဘာသာရေး လူမျိုးရေး ဝါဒမှိုင်းတိုက်သည့်စွပ်စွဲချက်တစ်ခုသာဖြစ်သည်။

အစီရင်ခံစာပါ မှတ်တမ်းပုံအစီရင်ခံစာပါ မှတ်တမ်းပုံ

ဆူပူအကြမ်းဖက်မှုများကို အစ္စလာမ်ဘာသာဝင်များက ထောက်ပံ့နေဟုဆို

စစ်တပ်အာဏာသိမ်းပြီးနောက် ဆူပူအကြမ်းဖက်မှုများကို အစ္စလာမ်ဘာသာဝင် လုပ်ငန်းရှင်များက ထောက်ပံ့လျက်ရှိကြောင်း Golden Hand ဂျာနယ် (Vol.2, No.28 -Pg.11 )ပါ "အစ္စလာမ်မစ် နိုင်ငံရေးကို တန်ပြန်ကြ" ဆိုသည့် ဆောင်းပါးတွင် ဆောင်းပါးရှင် အုပ်စိုးခန့်ကရေးသားထားသည်။

ဆောင်းပါးရှင်က “နိုင်ငံတော်တည်ငြိမ်မှုမရှိစေရန်ဆူပူအုံကြွမှုများ ဖြစ်ပေါ်စေရန်နှင့် အကြမ်းဖက်သတ်ဖြတ်မှုများ ပေါ်ပေါက် စေရန်အတွက် ဝေမိုးနိုင်၊ တင်မိုးအပါအဝင် အစ္စလာမ်ဘာသာဝင် တချို့က ပါဝင်လုပ်ကိုင်နေကြောင်းနှင့် လူမှုကွန်ရက် စာမျက်နှာများတွင်အကြမ်းဖက်မှုအတွက် အဓိကလှုံ့ဆော်နေကြသည့်အကောင့်တုများမှာ NLD ပါတီဝင်များနှင့် မွတ်စလင်ဘာသာဝင်များဖြစ်ကြောင်း တွေ့ရသည်ဟု မွတ်စလင်များအပေါ် ပြည်သူများမုန်းတီးလာစေရန် အထောက်အထားမဲ့ ရေးသား လှုံ့ဆော်ထားသည်။

ဝေမိုးနိုင်သည် မုံရွာမြို့က တော်လှန်ရေးသပိတ်ခေါင်းဆောင်တစ်ဦးဖြစ်ပြီး လက်ရှိတွင် စစ်တပ်ကဖမ်းဆီးထောင်ချခြင်းကို ခံထားရသည်။ တင်မိုးသည်လည်း ရွှေဝါရောင်သံဃာတော်များနှင့်လက်တွဲ၍ဘာသာပေါင်းစုံချစ်ကြည်ရေးဆောင်ရွက်ချက်များတွင် တက်ကြွစွာပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး ယခုအခါ စစ်တပ်က ဖမ်းဆီးထောင်ချခြင်းကို ခံထားရသည်။

အစီရင်ခံစာပါ မှတ်တမ်းပုံ

ရုပ်သေးရုပ်အစိုးရဖြစ် ခေါင်းစဉ်တွင် ပြည်ပအထောက် အပံ့တွေ ဖောဖောသီသီရယူထားတဲ့ NUG, PDF စတဲ့ အကြမ်းဖက်အဖွဲ့တွေအနေနဲ့ တိုင်းပြည်နှင့် လူမျိုးရဲ့မျက်နှာကိုမှ မထောက်ထားဘဲပြည်သူတွေ ဆင်းရဲတွင်းနက်အောင် ကြံဆောင်နေမှုတွေ၊ လက်နက်မျိုးစုံဖြင့်ရွက်ကုန်လွှင့်ကာ နိုင်ငံတော်ကို ဖျက်ဆီးနေမှုတွေဟာရုပ်လုံးပေါ်လာကြောင်း၊ အာဖဂန်တွင် အမေရိကန်ထားခဲ့သော MK 12 special purpose ရိုင်ဖယ်သည် ပဲခူး PDF အဖွဲ့ အသုံးပြုခဲ့ကြောင်း စွပ်စွဲထားပြီး တာလီဘန်လက်နက်တွေ ပြည်တွင်း ရောက်ရှိနေကြောင်း စက်တင်ဘာ၂၃၊ ၂၀၂၁ ခုနှစ် မြန်မာ့အလင်းသတင်းစာ (စာ-၈) တွင်ဖော်ပြထားပြီး အစ္စလာမ်ဘာသာဝင်ဖြစ်သူ ပဲခူး PDF ခေါင်းဆောင် ကိုမျိုးကိုမှ စေခိုင်းနေကြောင်း စွပ်စွဲထားသည်။

ပဲခူးမြို့မှကျောင်းသားသမဂ္ဂ ခေါင်းဆောင်တစ်ဦးဖြစ်သူကိုမျိုးကိုက ၎င်းအပေါ်စစ်ကောင်စီ၏ စွပ်စွဲချက်များကို မီဒီယာများတွင် အတိအလင်းငြင်းဆိုထားသည်။

၎င်းသည် စစ်အာဏာရှင်တော်လှန်ရေးတွင် တက်တက်ကြွစွာပါဝင်မှုကြောင့် စစ်ကောင်စီ၏ ဝရမ်းထုတ်ခြင်းခံရပြီး နေအိမ်ချိတ်ပိတ်ခြင်းကိုလည်း ခံခဲ့ရသည်။

အစီရင်ခံစာပါ မှတ်တမ်းပုံ

"ဘုန်းကြီးတွေကို ဒလံအမည်တပ်ပြီး အပြတ်ရှင်းနေတာ ဝက်မစား(မွတ်စလင်)ရဲ့ ဂျီဟတ်ပဲဆိုတာ သိကြ”လို့ဘုန်းကြီးအသတ်ခံရမှုကို မွတ်စလင်များက သတ်သယောင်ထင်ယောင်ထင်မှားဖြစ်ကာ ဘာသာရေးအမုန်းတရားပွားစေရန် သတိုးမင်းခေါင် ဆိုသူက သူ့ရဲ့ ဖေ့စ်ဘုတ်မှာ စက်တင်ဘာ၂၂ ရက်နေ့က ရေးသားထားတာ တွေ့ရပါတယ်။ သူ့ရဲ့ ပို့စ်မှာ Like 134 နဲ့ 743 share ရှိပါတယ် Source

အစီရင်ခံစာပါ မှတ်တမ်းပုံ

သီတဂူဆရာတော်ကြီးကို လုပ်ကြံတာ သီသီလေး လွတ်သွားကြောင်း၊မွတ်စလင်တွေက ကြံစည်နေကြောင်း ဖေ့စ်ဘုတ်သုံးစွဲသူ Saw Bo Thein ဆိုသူက သတင်းမှားတစ်ပုဒ်ကို စက်တင်ဘာလ ၂၆ ရက်နေ့ကလုပ်ကြံရေးသားထားပါတယ်။ ၎င်းက "ဒီသတင်းမှန်ရင်တော့ဝက်မစား(မွတ်စလင်များကို ဆိုလို)တွေ အကြီးကြီးကြံစည်နေတာသေချာပြီး ပေါက်ကွဲကြလို့ အဓိကရုဏ်းပုံစံဖြစ်လာရင် OIC ဝိတ်နဲ့ဝင်ကြိတ်မဲ့ အရိပ်တွေ မြင်နေရ" လို့ ပြည်သူလူထု သံသယဖြစ်ပွားပြီးဘာသာရေးပဋိပက္ခဖြစ်စေရန် မဟုတ်မမှန်လုပ်ကြံဝါဒဖြန့် ရေးသားထားတာကို တွေ့ရပါတယ်။ ၎င်းရဲ့ ရေးသားချက်ကို ၆၀၇ ဦးက like ပြီး၅၃၉ ဦးက ပြန်လည် share ထားတာ တွေ့ရပါတယ်။

အစီရင်ခံစာပါ မှတ်တမ်းပုံ

မွတ်စလင်တို့က လူမျိုးရေး၊ ဘာသာရေး ဝါးမြိုဖို့ နယ်ချဲ့ဟု ဝါဒဖြန့်

မွတ်စလင်တို့ရဲ့ လူမျိုးရေးဘာသာရေး နယ်ချဲ့မှုကြောင့်ဗုဒ္ဓအင်ပါယာကြီး ပျောက်ကွယ် အားနည်းခဲ့ရကြောင်း Golden Hand ဂျာနယ် (Vl:2, No33/Pg.22)တွင် ဆောင်းပါးရှင် ဦးသူရဇော် (အမျိုးသားရေး)က စွပ်စွဲရေးသားပါတယ်။

၎င်းက အိန္ဒိယနိုင်ငံသို့ တူရကီမွတ်စလင်များက ဘာသာရေးနယ်ချဲ့ခဲ့ပြီး ဗုဒ္ဓသာသနိက အဆောက်အအုံများကို ဖျက်ဆီးပစ်ခဲ့ကြောင်း နာလန္ဒတက္ကသိုလ်ကြီးကို မီးရှို့ပစ်ခဲ့ကြောင်း ဘင်္ဂလားနယ်ထဲသို့ မွတ်စလင်စစ်သည်များ ဝင်ရောက်ပြီး ဘုန်းကြီး ကျောင်းများကို မီးရှို့ဖျက်ဆီးကာ သံဃာတစ်သိန်းကျော်ကို သတ်ဖြတ်ကြောင်း စွပ်စွဲရေးသားပါတယ်။ ဒါ့အပြင် အင်ဒိုနီးရှားမှာလည်းဗောဒေါဗုဓုစေတီတော်ကြီးကိုလည်း ဖျက်ဆီးပြီး ရဟန်းများကိုသတ်ဖြတ်၊ ဖမ်းဆီး အရေးယူခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ထို့နောက်အင်ဒိုနီးရှားတွင် ဗုဒ္ဓဘာသာ ကွယ်ပျောက်ခဲ့ရကြောင်း စသဖြင့်စွပ်စွဲထားပြီး ပြည်တွင်းရှိ မွတ်စလင်များအပေါ် မလိုမုန်းထားရှိလာစေရန် ရည်ရွယ်ရေးသားထားတာကို တွေ့ရပါတယ်။

အစီရင်ခံစာပါ မှတ်တမ်းပုံ

ကိုဗစ်ကာလအတွင်းမှာ ဧည့်သည်ဘာသာက နွားသတ်ခွင့်ရပြီး အိမ်ရှင်ဘာသာက ဘုရားဖူးခွင့် မရခဲ့တာကိုမမေ့ကြပါနဲ့လို့ လူမျိုးရေးဘာသာရေး လှုံ့ဆော်တတ်သူအမျိုးသားရေးဆရာတော် အရှင်အဂ္ဂဓမ္မရဲ့ ဗုဒ္ဓဂုဏ်ရည်စောင့်ရှောက်ရေး Facebook pageက ဖေဖော်ဝါရီလ ၃ရက်နေ့မှာ ရေးသားခဲ့ပါတယ်။ NLD အစိုးရလက်ထက်ကိုဗစ်ကာလအတွင်း ဘာသာအသီးသီးက ဝတ်ပြုကျောင်းတွေနဲ့ ဘာသာရေးဆိုင်ရာ ကျင့်သုံးမှုတွေမှာ ကိုဗစ်စည်းမျဉ်းနဲ့အညီ social distantion အရ အကန့်အသတ်နဲ့သာ ဆောင်ရွက်ခွင့်ရခဲ့တာဖြစ်ပြီး NLD အစိုးရကဘာသာရေးဘက်လိုက်သယောင် ရေးသားသည့်အပြင်လူနည်းစုဘာသာဝင်များအပေါ် အိမ်ရှင်ဘာသာ၊ ဧည့်သည်ဘာသာဆိုသည့် ခွဲခြားဆက်ဆံမှု စကားလုံးကိုလည်းသုံးနှုန်းထားကြောင်း တွေ့ရှိရပါတယ်။

အစီရင်ခံစာပါ မှတ်တမ်းပုံ

"တို့မိသားစုဟာ အမျိုးဘာသာသာသနာရဲ့အဆုံးအမအောက်မှာရန်ဖြစ်ပြီးရင် ပြန်ချစ်ကြမှာပဲ မင်းတို့ခေါ်လာတဲ့ သားသတ်လည်လှီး၊မိစ္ဆာကုလားကြီးတွေကိုတော့ တို့ရဲ့အိမ်ဦးခန်းမှာတင်ပြီး မကိုးကွယ်နိုင်ဘူး၊ တို့တစ်မိသားစုလုံးဟာ အရေးကြီးပြီမို့...သွေးစည်းကြရတော့မယ်" လို့ Tin Thein ဆိုသူက Ashin Ohtara ရဲ့ ရေးသားချက်ကို ကူးယူပြီး သူ့ရဲ့ VK အကောင့်မှာ ဖေဖော်ဝါရီလ ၄ ရက်နေ့က ပြန်လည်ဝေမျှထားပါတယ်။

NLD အစိုးရက မွတ်စလင်တွေကို အရေးပေးနေကြောင်းရေးသားရာမှာ NLD အစိုးရကလက်ထက် မွတ်စလင်များနဲ့ ဘာသာပေါင်းစုံချစ်ကြည်ရေးဆောင်ရွက်ချက်ဓါတ်ပုံများကိုဖော်ပြပြီး တဘက်မှာ NLD ကြောင့်ပဲမွတ်စလင်တွေ လွှမ်းမိုးသွားမှာလို့ ဝါဒဖြန့်ပြီး နောက်တဘက်မှာ မွတ်စလင်တွေဟာ သားသတ်သမား မိစ္ဆာတွေအဖြစ် ပုံဖော်ကာ မုန်းတီးရေး လှုံ့ဆော်ရေးသားထားတာဖြစ်ပါတယ်။ (VK - Source Source

အစီရင်ခံစာပါ မှတ်တမ်းပုံ

မွတ်စလင်ဦးရေကို မထိန်းနိုင်ရင် ကုလားပြည်ကြီးဖြစ်တော့လို့ဆို

မင်းသူရ နာမည်နဲ့ Facebook အကောင့်တစ်ခုက ပြည်တွင်းမွတ်စလင်ဦးရေလည်းမထိန်း၊ ပြည်ပခိုးဝင်မွတ်စလင်တွေကိုလည်းမတား၊ ဆက်ပြီးပွားနေရင် မြန်မာပြည်က ကုလားပြည်ဖြစ်တော့မယ်လို့ July 3 ရက်နေ့က လူမျိုးရေးနဲ့မှိုင်းတိုက်ပြီး လှုံ့ဆော်ရေးသားပါတယ်။

၎င်းက ဗိုလ်ချုပ်(အောင်ဆန်း)ကိုယ်တိုင် မွတ်စလင်ကုလားကို ခေါင်းဖြတ်သတ်ခဲ့လို့ အင်္ဂလိပ်က ဗိုလ်ချုပ်ကိုမြေလှန်ရှာခဲ့ကြောင်း၊ ဗိုလ်ချုပ်ဟာ ဘာသာရေးနှင့်ပတ်သက်လာရင် ထိခိုက်မခံကြောင်း ဒေါ်စုလက်ထက်တွင် မွတ်စလင်များ တိုးပွားလာကြောင်း စသဖြင့် သမိုင်းဖြစ်ရပ်မှန်နှင့် ဆန့်ကျင်ကာ မွတ်စလင်များအပေါ်လူထုမုန်းတီးလာအောင်နဲ့ စိုးရိမ်ကြောက်ရွံ့ လာအောင် လှုံ့ဆော်ရေးသားထားတာကို တွေ့ရပါတယ်

အဆိုပါပို့စ်ကို ဖေ့စ်ဘုတ်သုံးစွဲသူ ၅၀၄ ယောက်က like ပြီး ၁၇၉ ဦးက ပြန်လည် share ထားတာတွေ့ရပါတယ်။ အဆိုပါရေးသားချက်ကို comment မှာ ၈၀ ယောက်က အားပေးထောက်ခံထားကြပါတယ်။

အစီရင်ခံစာပါ မှတ်တမ်းပုံအစီရင်ခံစာပါ မှတ်တမ်းပုံ

ကုလားတွေကြောင့်ကျုပ်တို့ ဗုဒ္ဓဘာသာနိုင်ငံပျက်စီးခဲ့တာလို့ဆို

“ကုလားတွေဗုဒ္ဓဘာသာအပေါ်ကောင်းခဲ့ပါတယ်ဆိုတဲ့သမိုင်းစာမျက်နှာလေးများရှိရင် လာပါ ပြောပါပြပါ။ ကုလားတွေကြောင့်ကျုပ်တို့ ဗုဒ္ဓဘာသာနိုင်ငံပျက်စီးခဲ့တာတွေကို ကျုပ်တို့တွေမမေ့နိုင်ဘူး။ ကုလားတွေကြောင့်ကျုပ်တို့ ရခိုင်လူမျိုးတွေ ဒုက္ခရောက်ရတာကို ကျုပ်မမေ့ဘူး။ ကုလားတွေ ကြောင့်ကျုပ်တို့ သံဃာတွေသေဆုံးခဲ့တာတွေကို ကျုပ်မမေ့ဘူး။"ဟု မျိုးချစ်မြန်မာရဟန်းတော်များ သမဂ္ဂ(မန္တလေး)မှ အရှင်အာစာရက၏ အမုန်းစကား ပြောကြားချက်များကို Myanmar National Post အမည်ရှိ သတင်းဌာနတစ်ခုမှ၎င်းတို့ Telegram Page နှင့် Website တွင် နိုဝင်ဘာလ ၃၀ ရက်နေ့ကရေးသားဖော်ပြခဲ့ကြောင်း တွေ့ရှိရပါသည်။

စစ်ကောင်စီနှင့် နီးစပ်သည့်နောင်တော်လေး ဆိုသူဦးဆောင် ရေးသားနေသော Myanmar National Post သတင်းဌာနသည် စစ်ကောင်စီ၏ ပြန်ကြားရေးသတင်းများနှင့် အမျိုးသားရေးသတင်းများကို ရေးသားဖော်ပြနေသည့် သတင်း website ဖြစ်သည်။ ယင်းသတင်းဌာန၏ Telegram Page ကို Subscribers ပြုလုပ်ထားသူပေါင်း ၉၅၀၀ကျော်ရှိကြောင်း သိရှိရပါသည် - Source Source

အစီရင်ခံစာပါ မှတ်တမ်းပုံအစီရင်ခံစာပါ မှတ်တမ်းပုံ

၅ခြိမ်းခြောက်အကျပ်ကိုင်ရန်၊ အကြမ်းဖက်ရန်နှင့် ခွဲခြားဆက်ဆံရန် လှုံ့ဆော်မှုများ

ဗလီဟောင်းမြေနေရာမှာ ပရဟိတအဖွဲ့အရေးပေါ်ကားထားဖို့ ခြုံနွယ်ရှင်းလင်းတာကို အမျိုးသားရေးသမားများက ကုလား-ဗမာ အဓိကရုဏ်း ဖြစ်လာနိုင်ကြောင်းအကြောင်းပြကာ ကန့်ကွက်မှုကြောင့် ၂၀၂၁ခုနှစ် အောက်တိုဘာလ ၉ရက်နေ့မှာ တားမြစ်ပိတ်ပင်ခံရပါတယ်။

ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်၊ (က)ရပ်ကွက်၊ ဝေဘာဂီလမ်းမကြီးပေါ်မှာတည်ရှိတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း၅၀ခန့်က ဘာသာရေး အထိကရုဏ်းကြောင့်ပိတ်သိမ်းခံရတဲ့ ဗလီဟောင်းမြေနေရာမှာ နွယ်သာကီချစ်သူများ လူမှုရေးအသင်းမှ အရေးပေါ်ကားထားဖို့အတွက် အောက်တိုဘာ ၃ ရက်နေ့စတင်ကာမြေနေရာရှင်းလင်း ဆောင်ရွက်နေတာဖြစ်ပြီး စစ်တပ်နောက်ခံပြု Myanmar National Post သတင်းဌာန အယ်ဒီတာ နောင်တော်လေးအပါအဝင် အမျိုးသားရေးလှုပ်ရှားသူများက ဘာသာရေး ပြဿနာတက်မည်ဖြစ်ကြောင်း ခြိမ်းခြောက်ကာ အောက်တိုဘာ ၈ ရက်နေ့က ကန့်ကွက်ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ဗလီဟောင်းမြေနေရာရှင်းလင်းနေမှု ရပ်တန့်စေရေးအတွက် ခြိမ်းခြောက်လှုံ့ဆော်တိုင်ကြားသည့်အတိုင်း စစ်ကောင်စီခန့် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်းဦးလှစိုးက မြို့တော်စည်ပင်နဲ့ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ကို စေလွှတ်ကာတားမြစ်စေပြီး "အစိုးရမြေ မကျူးကျော်ရ"ဟု ဆိုင်းဘုတ်အနီ ချိတ်ဆွဲကာပိတ်ပင်တားမြစ်ခဲ့ပါတယ်။

အစီရင်ခံစာပါ မှတ်တမ်းပုံအစီရင်ခံစာပါ မှတ်တမ်းပုံအစီရင်ခံစာပါ မှတ်တမ်းပုံအစီရင်ခံစာပါ မှတ်တမ်းပုံအစီရင်ခံစာပါ မှတ်တမ်းပုံ

မွတ်စလင်တွေကို မြန်မာပြည်ထဲက နှင်ထုတ်ဖို့အချိန်ကျပြီလို့ဖေ့စ်ဘုတ်သုံးစွဲသူ မယ်သီတာက သြဂုတ် ၂ရက်နေ့မှာ ရေးသားပါတယ်။ ၎င်းက “တရုတ် ဝက်မစားတို့ကို နှင်ထုတ်ဖို့ အချိန်ကျပြီ၊ကံကြမ္မာရဟတ် တဖန်ပြန်လာပြီ၊ ဦးနေဝင်းရဲ့ အိမ်စောင့်အစိုးရကလှေကြီးနဲ့ ပြန်ပို့သလို လက်ရှိ အိမ်စောင့်အစိုးရလာပါပြီ ရန်ကုန်မြို့တစ်မြို့ထဲက ခိုးဝင်ဘင်္ဂါလီ ၉သိန်းကျော်ကို အိမ်စောင့်အစိုးရကဘင်္ဂလားဒေ့ရှ် ပြန်ပို့မယ်။ မြန်မာအမျိုးသမီးတွေကို မတရားသိမ်းယူခဲ့တဲ့ ဝက်မစားတွေ ကျဆုံးခန်းကို မြင်ရတော့မယ်" လို့ မွတ်စလင်တွေကို မောင်းထုတ်ဖို့ လှုံ့ဆော်ထားပါတယ်။ ၎င်းကတခြား အမျိုးသားရေးသမားများနည်းတူ Facebook report မထိအောင် ကုလားအစား “တရုတ်”၊ မွတ်စလင်အစား "ဝက်မစား" စကားလုံးနဲ့ ဖလှယ်သုံးစွဲထားတာတွေ့ရပါတယ်။ Source Source

အစီရင်ခံစာပါ မှတ်တမ်းပုံ

အနောက်ဥရောပနိုင်ငံများနှင့် ရိုဟင်ဂျာတို့သည် မြန်မာ့ဒီမိုကရေစီ အသွင်ပြောင်းကာလတွင် ဖျက်ပိုးများ ဖြစ်ပြီးယင်းတို့အား တိုက်ဖျက်ရန် အမျိုးသားရေးသမားတို့၏အလွန်အရေးကြီးသော တာဝန်ဖြစ်ကြောင်း Golden Hand ဂျာနယ် (Vl-2, No-33/Pg.D) မှ ဆောင်းပါးရှင် ဦးကျော်စိန် (ပညာရေး)က ရေးသား ထားသည်။

၎င်းက မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီကို အမြင်ကတ်၍အနောက်ဥရောပနိုင်ငံများက မလိုတမာ ဖျက်ပိုးအလုပ်ကို လုပ်လာခဲ့ကြောင်း၊ အစ္စလာမ်နိုင်ငံထူထောင်ရေးနှင့် အမေရိကန်ဦးဆောင်သော လစ်ဘရယ်ဒီမိုကရေစီဝါဒီများ၏ မြန်မာနိုင်ငံတွင် အကျိုးတူပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်းရေးသားသည်။

နွေဦးတော်လှန်ရေးတွင် ရိုဟင်ဂျာလူငယ်များစစ်ကြောင်း၊ရိုဟင်ဂျာကျောင်းသားလူငယ်များ အထွေထွေ သပိတ်၊ ရိုဟင်ဂျာအရေးကို ရိုဟင်ဂျာတို့ကိုယ်တိုင် ဖြေရှင်းမည်စသည့်ကြွေးကြော် လှုပ်ရှားမှုများကို သီးနှံဖျက်ပိုးများနှင့် ခိုင်းနှိုင်း၍ ယင်းဖျက်ပိုးများကို ကာကွယ်တိုက်ထုတ်ရန်လှုံ့ဆော်ရေးသားထားသည်။

အစီရင်ခံစာပါ မှတ်တမ်းပုံ

မွတ်စလင်ဘာသာရေးဆရာတစ်ဦးရဲ့ ဆန္ဒထုတ်ဖော်ပွဲ ဓါတ်ပုံကို အသုံးပြုပြီးအိမ်ခွေးမကောင်းလို့ ဧည့်ခွေး ဟောင်နေတာမဆန်းပေမယ့် ဧည့်ခွေးတွေကိုအိမ်ခွေးတွေက ဝိုင်းရံပေးတာက ဆန်းနေကြောင်း ဖေ့စ်ဘုတ် အကောင့်ပိုင်ရှင် လွမ်းဝေက သြဂုတ်လ ၇ ရက်နေ့က ရေးသားထားပါတယ်။ စာရေးဆရာတစ်ဦးလည်းဖြစ်သူ မော်လဝီသန့်ဇင်မွန်က နိုင်ငံတော်အတိုင်ပင်ခံဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲမှာ ဗီနိုင်းကိုင်ဆောင်ထားတာကိုရည်ရွယ်ပြောဆိုထားခြင်းဖြစ်ပြီး အဆိုပါ စကားလုံးမှာ မွတ်စလင်များကိုဧည့်သည်အဖြစ် ခွဲခြားပြီး တိရစ္ဆာန်နှင့်ပါ နှိမ့်ချ ခိုင်းနှိုင်းလိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် ၎င်းက "ဒီ ခွေးလေ ခွေးလွင့်တွေကို ရှင်းလင်းရမယ့်တာဝန်ဟာ အစိုးရမှာရှိပါတယ်"လို့ မွတ်စလင်များကို သုတ်သင်ရှင်းလင်းရန်လှုံ့ဆော်ရေးသားထားပါတယ်။

Source

အစီရင်ခံစာပါ မှတ်တမ်းပုံ

ဗလီတွေ ချပ်စ်တွေ ဘုန်းကြီးကျောင်းတွေချိတ်ပိတ်ပါ ဖျက်သိမ်းပါဟု အမျိုးသားရေးသမားဖြစ်သူ Tar Ga Ta က ၎င်းရဲ့ဖေ့စ်ဘုတ်စာမျက်နှာကနေစက်တင်ဘာလ ၁၀ ရက်နေ့က လှုံ့ဆော်ရေးသားပါတယ်။

မြန်မာပြည်တွင်းရေးမှာ ဘာသာရေးကနေ စစ်ပွဲအသွင်ဖြစ်လာကြောင်း၊ မြို့သိမ်းတိုက်ပွဲများထိ ပုံဖော်လာပြီမို့မည်သည့်ဘာသာရေးအဖွဲ့အစည်းမဆို အစစ်အဆေးမခံရပါက လုံခြုံရေး၊ ကာကွယ်ရေး စိတ်မချရတော့ကြောင်း ဘာသာရေးအရေခြုံ ယာဉ်များ၊ လူများဖြင့်လက်နက်ဖောက်ခွဲရေး ခိုးသွင်းနေကြောင်း၊ စစ်ရေးနဲ့နိုင်ငံရေး ရောသမမွှေပြီး ခရစ်ယာန်ကချင်တွေကနိုင်ငံတကာမှာ အော်နေကြောင်း၊ ထို့ကြောင့် ဗလီ၊ ချပ်စ်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေကို ချိတ်ပိတ်ပါ၊ဖျက်သိမ်းပါ မည်သည်ဘာသာရေးခေါင်းဆောင်မဆို ထောင်ချပါဟု ၎င်းက ရေးသား လှုံ့ဆော်ထားတာဖြစ်ပါတယ်။

အစီရင်ခံစာပါ မှတ်တမ်းပုံအစီရင်ခံစာပါ မှတ်တမ်းပုံ

ဇွန်လအတွင်း အစ္စလာမ်ဘာသာဝင်တို့ရဲ့ ဗလီ၂လုံးဖြစ်သည့် ဒလမြို့နယ် ကမာကသွယ်ဗလီနှင့်အလုံမြို့နယ် အီဒီဂါဗလီတို့ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ ဒေသခံတို့က မီးရှို့ခံရမှုအဖြစ် မှတ်ယူနေ ချိန်တွင်အမျိုးသားရေးသမားများ၏ လူမှုကွန်ရက်တွင် ဗလီများထဲတွင် လက်လုပ်မိုင်းများ သိမ်းဆည်းထားပြီး စမ်းသပ်စဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း၊ ဗလီများကို စစ်ဆေးရန် အချိန်ကျရောက်ပြီဖြစ်ကြောင်း အချိန်ကိုက်လုပ်ကြံဝါဒဖြန့် လှုံ့ဆော်ရေးသားခဲ့တာကို တိုက်ဆိုင် စွာတွေ့ရှိရပါတယ်။

အစီရင်ခံစာပါ မှတ်တမ်းပုံ

“ရန်ကုန်ဗလီတွေအမြန်ဝင်ရှာပါ။ မြေအောက်ခန်းတွေမှာအကြမ်းဖက်တွေရောက်နေတယ်။" လို့ ပြည်သူအများအထိတ်တလန့်ဖြစ်လာစေရန်နှင့် ဗလီဝတ်ကျောင်းတော်များကို ရှာဖွေရန် မျိုးချစ်မြန်မာမလေး ဆိုသူက သူ့ရဲ့ဖေ့စ်ဘုတ်အကောင့်မှာ ၂၀၂၁ ဇွန်လ ၁၂ ရက်နေ့ကလှုံ့ဆော်ရေးသားထားပါတယ်။ အဆိုပါ လှုံ့ဆော်မှုမှာမွတ်စလင် ဗလီဝတ်ကျောင်းတော်များအား ဒေါသထွက်နေသော လူအုပ်ကြီးကဝင်ရောက် အကြမ်းဖက်ရန် အမျိုးသားရေးလှုပ်ရှားသူများ၏ ခေတ်အဆက်ဆက် လှုံ့ဆော်ဝါဒဖြန့်နည်းဖြစ်သော်လည်း စစ်အာဏာသိမ်းပြီး နောက်ပိုင်းဒေသခံကာကွယ်ရေးတပ်များ PDF များကို စစ်ကောင်စီကနှိမ်နင်းနေချိန်တွင် မွတ်စလင်ဗလီများနှင့် ချိတ်ဆက်ကာစစ်တပ်က အကြမ်းဖက်ဝင်ရောက် စီးနင်းစေရန် အချိန်ကိုက် ဝါဒဖြန့်မှုဖြစ်သည်။

အစီရင်ခံစာပါ မှတ်တမ်းပုံ

မြန်မာနိုင်ငံက ဗလီတွေဟာ လူတစ်ထောင်မှာ ၁ လုံးပဲရှိတဲ့ အီရန်နဲ့ဆော်ဒီရှိ ရှီအာဗလီတွေထက် လူဦးရေ အချိုးအစားနှုန်းထား ပိုများနေတာကြောင့် ဘာလုပ်သင့်လဲလို့ သူငယ်တော် အကောင့်ပိုင်ရှင်ကသြဂုတ်လ ၁၅ ရက်နေ့က ဗလီတွေကို အကြမ်းဖက်ဖို့ လှုံ့ဆော်ရေးသားပါတယ်။ ရန်ကုန်မြို့ ဆူးလေစေတီအနီးရှိ ဘင်္ဂါလီစွန္နီ ဂျာမေဗလီပုံကိုဖော်ပြပြီး မြန်မာနိုင်ငံရှိ မွတ်စလင် လူဦးရေ ၁.၆ သန်းကျော်နဲ့ ဗလီပေါင်း၂၂၆၆ လုံးရှိတဲ့အတွက် အီရန်နဲ့ ဆော်ဒီက လူဦးရေ အချိုးအစားနှုန်းထားပိုများနေတာကြောင့် ဘာလုပ်သင့်လဲ ဆိုပြီး ပို့စ်ရှင်က မေးခွန်းထုတ်လှုံ့ဆော်ရေးသားထားတာ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာများအပါအဝင် မွတ်စလင်လူဦးရေးစုစုပေါင်း ၃.၃သန်း ကျော်ရှိပါတယ်။

Source

အစီရင်ခံစာပါ မှတ်တမ်းပုံ

CRPH သည် မွတ်စလင်တို့ဦးဆောင်တာဖြစ်သောကြောင့် မွတ်စလင်တို့၏စျေးဆိုင် စတိုး၊ကုမ္ပဏီတို့တွင် အားမပေးခြင်းဖြင့် တိုက်ဖြတ်ကြပါစို့ဟု အောင်နိုင်သူဖေ့စ်ဘုတ်အကောင့်က ဧပြီလ ၂ ရက် နေ့တွင်သတင်းမှားဖြင့်လုပ်ကြံဝါဒဖြန့်ကာ လှုံ့ဆော်ရေးသားခဲ့သည်။

မွတ်စလင်ဆိုင်တွင် အားမပေးရန်လှုံ့ဆော်မှုသည် အမျိုးသားရေးလှုပ်ရှားသူများ ခေတ်အဆက်ဆက် ဝါဒဖြန့်လှုံ့ဆော်မှုတစ်ရပ်ဖြစ်သော်လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH )အား စစ်တပ်ကျောထောက်နောက်ခံပြု အမျိုးသားရေးသမားများက ဆန့်ကျင်ရာတွင် မွတ်စလင်ကိုပါချိတ်ဆက်ပြီး ပစ်မှတ်ထားတိုက်ခိုက်သော လှုံ့ဆော်မှုဖြစ်သည်။

အစီရင်ခံစာပါ မှတ်တမ်းပုံ

မွတ်စလင်များကို နေရာမပေးနှင့်ဟု ဦးဝီရသူ လှုံ့ဆော်

“ကျားကိုလည်း အစာမကျွေးနှင့် ကုလားကိုလည်းနေရာမပေးနှင့်" ဟု မွတ်စလင်များကို နေရာမပေးရန်အမျိုးသားရေးဆရာတော် ဦးဝီရသူက “သင်္ကန်းဖြူဆရာတော်” ကလောင်အမည်ဖြင့် Golden Hand Journal (Vl.2, NO.42/Pg.19,28)တွင် လှုံ့ဆော်ရေးသားထားသည်။

၎င်းက မြန်မာ့နိုင်ငံရေးတွင် ကုလားများ : (မွတ်စလင်များကိုနှိမ့်ချသည့်စကား)ကို နေရာမပေးသင့်ကြောင်း၊ မွတ်စလင်ဝန်ကြီး ရာရှစ်မှစ၍ ရှေ့နေကိုနီ အလယ် NUG ဇော်ဝေစိုးအဆုံး မွတ်စလင်မှန်သမျှသည် မြန်မာပြည်သူများအပေါ်ကောင်းကျိုးမပြုသူများဖြစ်ကြကြောင်း၊ ၎င်းတို့နေရာရသွားသည့်အတွက် မြန်မာပြည် နေ့စဉ် သတင်းဆိုးများကြားနေခြင်းဖြစ်ကြောင်း စွပ်စွဲရေးသားထားသည်။

အစီရင်ခံစာပါ မှတ်တမ်းပုံ

ပညာရေးဌာနအဆင့်မြင့်ချင်တယ်ဆိုရင် မွတ်စလင် ဆရာဆရာမတွေကို တစ်ယောက်မှ ဝန်ထမ်းမခန့်နဲ့ဟု လှုံ့ဆော်

ပညာရေးဌာနအဆင့်မြင့်ချင်တယ်ဆိုရင် မွတ်စလင် ဆရာဆရာမတွေကို တစ်ယောက်မှ ဝန်ထမ်းမခန့်နဲ့ဟု အမုန်းစကားလှုံ့ဆော်ရေးသားမှုကို အောင်တင်ဦး ဂဠုံသားအမည်ဖြင့် Facebook သုံးစွဲသူ တစ်ဦးက အောက်တိုဘာလ ၁၄ ရက်နေ့က ရေးသားထားပါသည်။ ၎င်းကအထူးသဖြင့် တက္ကသိုလ်က မွတ်စလင် ဆရာတွေအဆိုးဆုံးပဲဟု ရေးသားထားမှုသည် မြန်မာနိုင်ငံသားဗုဒ္ဓဘာသာဝင်များနှင့် အစ္စလာမ် ဘာသာဝင်များကြားတွင်ပညာရေးနယ်ပယ်အထိပါ ဘာသာရေးကို အခြေပြုသည့်အမုန်းတရားများ ကြီးထွားလာစေရန်နှင့် ခွဲခြားဆက်ဆံမှုကို အားပေးသည့် လှုံ့ဆော်ရေးသားထားချက်အဖြစ်တွေ့ရှိရပါသည်။

အစီရင်ခံစာပါ မှတ်တမ်းပုံ

မွတ်စလင်တွေကို တရုတ်ကြီးက ဝက်သားကြွေးသလို ပြည်တွင်း မွတ်စလင်တွေကို ကြွေးရမယ်လို့ လှုံ့ဆော်

လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မင်းသူရနာမည်နဲ့ Facebook အကောင့်တစ်ခုက မွတ်စလင်တွေကို တရုတ်ကြီးက ဝက်သားကြွေးသလို ပြည်တွင်းမွတ်စလင်တွေကိုလည်း ကြွေးရမယ်လို့ ဇူလိုင်လ ၂ရက်နေ့က လှုံ့ဆော်ရေးသားခဲ့ပါတယ်။ အကောင့်ရှင်က “အနောက်အုပ်စုက ဘာသာရေးနဲ့ ချယ်လှယ်ရန်ကြံစည်" ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးသားထား တာဖြစ်ပြီး “မွတ်အုပ်စုက ဖိအားပေးလာရင် ပြည်တွင်းမွတ်အုပ်စုကို ပြန်ပြီးဖိအားပေးရမယ်”လို့ လှုံ့ဆော်ရေးသားပါတယ်။

ဒါ့အပြင် "အိန္ဒိယ မည်ကြီးက မွတ်ဆလင်တွေကိုမဲပေးခွင့်ပိတ်တာမျိုး၊ ဂျပန်ကြီးက မွတ်ဆလင်တွေကိုကန့်သတ်တာမျိုး၊ အစ္စရေကြီးက မွတ်ဆလင်ဘုရားကျောင်းကို အရက်ဆိုင်ဖွင့်လိုက်တာမျိုး၊ ရုရှားပူတင်ကြီးက ISတွေ စစ်စခန်းချတဲ့မြို့ကြီးကို ဗုံးကျဲလိုက်တာမျိုး၊ သီရိလင်္ကာနိုင်ငံကနိုင်ငံအတွင်းနယ်မြေတောင်းတဲ့ မွတ်ဆလင်မြို့ကြီးကို ဗုံးကျဲလိုက်တာမျိုး၊ဘာသာရေးနဲ့နိုင်ငံရေး ရောထွေးလာရင် ရောထွေးအောင်လုပ်ရင် ကျနော်တို့ ဗုဒ္ဓဘာသာဝင်တွေကိုထိပါးလာရင် အဲ့လိုမျိုး အဲ့လိုမျိုး တန်ပြန်တဲ့ ထိရောက်မှုရှိတဲ့ တုန့်ပြန်မှုတွေ မြန်မာပြည်မှာ မြင်ရလိမ့်မယ်" လို့လည်း မြန်မာပြည်က မွတ်စလင်တွေကို တိုက်ခိုက်ဖို့အတွက် လှုံ့ဆော်ရေးသားထားပါတယ်။

ယင်းပို့စ်ကို ဖေ့စ်ဘုတ်သုံးစွဲသူ ၆၉၈ ယောက်က like ပြီး ၃၃၄ ဦးက ပြန်လည် share ထားတာတွေ့ရပါတယ်။ အဆိုပါရေးသားချက်ကို commentမှာ ၁၅၇ ယောက်က အားပေးထောက်ခံထားကြပါတယ်။

အစီရင်ခံစာပါ မှတ်တမ်းပုံအစီရင်ခံစာပါ မှတ်တမ်းပုံ

၆OIC နဲ့ ချိတ်ဆက်ပြောဆိုမှုများ

OIC နဲ့ချိတ်ဆက်ပြီး မြန်မာနိုင်ငံက ရိုဟင်ဂျာနဲ့ မွတ်စလင်တွေအပေါ် အမုန်းစကားလှုံ့ဆော်ရေးသားမှုများကို Golden Hand ဂျာနယ်များတွင် အများအပြားတွေ့ရပါတယ်။

OIC ရဲ့ အစ္စလာမ်မိုက်ဇေးရှင်းနဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ နယ်မြေရရှိရေးတို့ ပူးပေါင်းမိတဲ့အခါ မြန်မာနိုင်ငံထဲကိုနည်းလမ်းအသွယ်သွယ်နဲ့ ခိုးဝင်လာတာကြောင့် အထောက်အထားမဲ့ ဘင်္ဂါလီတွေကို မကြာခဏနေရာစုံမှာဖမ်းမိနေကြောင်း Golden Hand ဂျာနယ် (VI 3, No. 4/pg.19/27)ပါ “နေစရာမြေပျောက်မှာ ကြောက်လာတဲ့ဘင်္ဂလားဒေ့ရှ်ရဲ့ ထွက်ပေါက်"ဆောင်းပါးမှာ ဆောင်းပါးရှင် လှိုင်မင်းဆိုသူက ရေးသားထားပါတယ်။

မြန်မာနိုင်ငံအနှံ့ ခိုးဝင်ဆိုပြီး အဖမ်းခံနေရတဲ့ ရိုဟင်ဂျာတွေဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက သူတို့ဒေသတွေကနေ ထွက်ခွာလာသူတွေဖြစ်ပြီး မလေးရှားနဲ့ ထိုင်းနိုင်ငံတွေမှာ ရွှေ့ပြောင်းလုပ်ကိုင်ဖို့ ရည်ရွယ်ချက်နဲ့ထွက်ခွာလာတာဖြစ်ပါတယ်။

ဒါ့အပြင် OIC နိုင်ငံများသည် မြန်မာနိုင်ငံကို ကုလားဇာတ်သွင်းပြီး အစ္စလာမစ်နိုင်ငံထူထောင်ရန် ကြိုးစားနေသည့် ပြဇာတ်တွင် ရခိုင်ပြည်နယ်မှ ဘင်္ဂါလီကုလားများက အဓိကသရုပ်ဆောင်များ ဖြစ်လာကြကြောင်း Golden Hand ဂျာနယ် (VI 3, No. 2/pg.16-17)မှာ ဆောင်းပါးရှင် စွန်ရဲက ရခိုင်ပြည်နယ်ကို ခြေတော်တင်ဖို့ဘင်္ဂါလီတွေ ပုန်ကန်ကြလိမ့်မယ်" ဆိုတဲ့ခေါင်းစဉ်နဲ့ OIC နဲ့ချိတ်ဆက်ပြီး ရိုဟင်ဂျာမုန်းတီးရေး ဇာတ်ကြောင်းကို ရေးသားပါတယ်။

ICJ မှာ လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ တရားစွဲဆိုထားတာဟာ မြန်မာနိုင်ငံကို ဝါးမြိုဖို့ဖြစ်ကြောင်း၊ OIC ကအစ္စလာမ်ခါးပတ် ဝတ်နိုင်ရေးဗျူဟာ အကောင်ထည်ဖော်နိုင်ဖို့ ဦးတည်ချက်နဲ့လှုပ်ရှားနေကြောင်း Golden Hand ဂျာနယ် (Vol.2, No.30 -Pg.23 )မှာ ဆောင်းပါးရှင်ဝေသာလီ မိုးမောင်က ရေးသား ထားပါတယ်။

OIC က မြန်မာပြည်ကို အစ္စလာမ်မိုက်ဇေးရှင်းလုပ်ဖို့ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘင်္ဂါလီအရေး မီးမွှေးပြီးပြဿနာရှာကြောင်း၊ ဗုဒ္ဓဘာသာနိုင်ငံများကနေမွတ်စလင်နိုင်ငံများဖြစ်သွားကြတဲ့ တိုင်းပြည်များ အတိုင်းမြန်မာပြည်ကို ဘာသာရေးဝါးမြိုသွားရေးဟာ OIC ရဲ့ရည်မှန်းချက်ဖြစ်ကြောင်း ဆောင်းပါးရှင် စစ်ငြိမ်းက Golden Hand Journal (VI.2, NO.45/Pg.D/C) မှာရေးသားထားပါတယ်။

အစီရင်ခံစာပါ မှတ်တမ်းပုံ

ထို့အပြင် OIC ရဲ့ ရည်ရွယ်ချက်က မြန်မာ့မြေကို ဘင်္ဂါလီနယ်မြေဖြစ်အောင် အနုနည်း အကြမ်းနည်းတွေနဲ့ဖန်တီးတာဖြစ်ကြောင်း Golden Hand ဂျာနယ် (VI 2, No. 50/pg.11)မှာ ဆောင်းပါးရှင် ထီးလှိုင်ကရေးသားပါတယ်။

နွေဦးတော်လှန်ရေးတိုက်ပွဲများတွင် တူရကီနိုင်ငံထုတ် လက်နက်များ ဖမ်းဆီးရမိခြင်းမှာ OIC လက်ချက်ဖြစ်ပြီး ဗမာအချင်းချင်းတိုက်ခိုက်ကာ ဌာနေတိုင်းရင်းသားများ ပြုန်းတီးပြီး အင်အားချည့်နဲ့သွားအောင်ရည်ရွယ် ချက်ရှိရှိ ဖန်တီးလာကြောင်း ဆောင်းပါးရှင် အောင်နိုင်သူ (ဇွဲကပင်)က Golden Hand Journal (Vl.2, NO.44/Pg.12/29) မှာ ရေးသားထားပါတယ်။

ရဟတ်ယာဉ်ပေါ်က ဝါဒဖြန့်စာတွေ ကြဲချ

လူမျိုးရေးဘာသာရေးမှိုင်းတိုက်တဲ့စာရွက်တွေကိုနိုဝင်ဘာ ၃၀ ရက်နေ့ကစတင်ပြီး စစ်ကိုင်းတိုင်းရှိကနီ၊ မင်းကင်း ၊ ယင်းမာပင်၊ ဘုတလင်၊ ဒီပဲယင်း၊ရေဦး၊ တန့်ဆည်၊ ကန့်ဘလူ၊ ကျွန်းလှ ကောလင်းနှင့် မကွေးတိုင်း ဂန့်ဂေါ၊ မြိုင်မြို့၊ ကမ္မမြို့၊ အစရှိတဲ့မြို့နယ်ပေါင်း (၁၃) မြို့နယ်ရှိ ကျေးရွာ များအပေါ်ရဟတ်ယာဉ်ပေါ်မှ ကြဲချရာ အဆိုပါ ဝါဒဖြန့် panphlat များတွင် “ NUG/ CRPH တွေနဲ့ PDF ကို OIC က ထောက်ပံ့နေတာဖြစ်ကြောင်း၊ OIC အဖွဲ့ချုပ်ဟာဗုဒ္ဓဘာသာအချင်းချင်း သတ်ဖြတ်အောင် ဝါဒဖြန့်သာသနာကို စော်ကား ရဟန်း သံဃာတွေကို သတ်ဖြတ်အောင် နောက်ကွယ်က ငွေကြေးနဲ့ လက်နက် ခဲယမ်းထောက်ပံ့ပေးလျက်ရှိပါတယ်။ ဒါ့အပြင် KIA ကလည်း PDF များကို ထောက်ပံ့ကူညီကာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးအချင်းချင်း ပြန်တိုက်ခိုင်းနေတာဖြစ်ကြောင်းအမုန်းတရား ဝါဒမှိုင်းတိုက်ပြီး ရေးသားထားတာတွေ့ရပါတယ်။ အလားတူ စစ်ကောင်စီတပ်တွေဟာ ချင်းပြည်နယ် PDFများက ကားတစ်စီးကိုချောက်ထဲကျရန် ပြုလုပ်ခဲ့ပြီး ဗုဒ္ဓဘာသာဝင်ဆရာတော်တစ်ပါးကို အကြမ်းဖက်သတ်ဖြတ်ခဲ့ကြောင်း ဝါဒဖြန့်စာတွေကို ချင်း ဘာသာစကားနဲ့ရေးသားပြီး ဟားခါးမြို့မှာ ဇန်နဝါရီလ ၁၀ ရက်နေ့က တစ်အိမ်တက်ဆင်း လိုက်လံ ဖြန့်ဝေခဲ့တယ်လို့သိရပါတယ်။ (Ref: BHRN)

အစီရင်ခံစာပါ မှတ်တမ်းပုံအစီရင်ခံစာပါ မှတ်တမ်းပုံအစီရင်ခံစာပါ မှတ်တမ်းပုံ

“ ဗုဒ္ဓဘာသာနောက်ဆုံးခံစစ်နိုင်ငံ မြန်မာပြည်ကိုရည်ရွယ်ချက်ရှိရှိတိုက်ခိုက်လာကြတဲ့ OIC အတွင်း သဏ္ဌာန်တွေပေါ်ထွက်လာပြီ။" ဟုဆိုသော အမုန်းစကားသတင်းအမှားရေးသားမှုတစ်ခုအား “တောကကိုရင် တောကကိုရင်” အမည်ဖြင့် facebook သုံးစွဲသူတစ်ဦးမှ ဒီဇင်ဘာလ ၄ ရက်နေ့ကရေးသားခဲ့ကြောင်း တွေ့ရှိခဲ့ရပါတယ်။ တောကကိုရင် တောကကိုရင်ရဲ့ပို့စ်မှာ “ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်လာကြတဲ့ OIC အတွင်းသဏ္ဌာန်တွေ ပေါ်ထွက်လာပြီ၊ ဗုံးခွဲ သေနတ်ပစ် ဒါးနဲ့ခုတ်လာကြတဲ့အပြင် ဘုရားဖူးအဖွဲ့တွေကို ခြိမ်းခြောက် သတ်ဖြတ်လာကြပြီ။ ဗုဒ္ဓဘာသာစစ်မှန်ရင်သွေးမအေးကြပဲ အဖျက်ဘာသာတွေကို တက်ညီလက်ညီ စော်ကြစို့"လို့မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်ကာ မွတ်စလင်များအား အဖျက်ဘာသာအဖြစ် သုံးနှုန်းကာလက်တုံ့ပြန်ရေး လှုံ့ဆော် ရေးသားထားချက်ဖြစ်ပါတယ်။

အစီရင်ခံစာပါ မှတ်တမ်းပုံ

OIC နဲ့ အမေရိကန်ပူးပေါင်းပြီး ရိုဟင်ဂျာတိုင်းပြည်ထူထောင်ရန်ကြိုးစားဟုဆို

OIC နဲ့ အမေရိကန် ပူးပေါင်းပြီး မြန်မာနိုင်ငံကို နယ်ချဲ့အကြမ်းဖက်ကာရိုဟင်ဂျာတွေအတွက် တိုင်းပြည်ထူထောင်ပေးချင်တာဖြစ်ကြောင်းကိုလည်း_Golden Hand ဂျာနယ်များမှာ ရေးသားထားတာ တွေ့ရပါတယ်။

အစ္စလာမ်မစ်မြန်မာနိုင်ငံဖြစ်အောင်လုပ်မယ့် အစီအစဉ်ဟာ OIC နဲ့အမေရိကန် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုသာဖြစ်ပြီးနေ့စဉ်ခိုးဝင်ပြီး ဘာသာရေးအစွန်းရောက်တွေ လှုံ့ဆော်၊ လူမျိုးရေးပဋိပက္ခဆီ ချီတက်အောင် သွေးဆာနေတဲ့ ဖုတ်ကောင်တွေလိုလုပ်နေတဲ့ ဘင်္ဂါလီတွေ ခိုးဝင်ရင် ကြိုးစင်တင်ရမယ်လို့ဆောင်းပါးရှင် မောင်ရိုးက Golden Hand ဂျာနယ် (VI 3, No. 1/pg.2)မှာ ရေးသားပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းကရိုဟင်ဂျာတွေကို သွေးဆာနေတဲ့ ဖုတ်ကောင်တွေအဖြစ် ခိုင်းနှိုင်းလိုက်တာဖြစ်ပါတယ်။

အစီရင်ခံစာပါ မှတ်တမ်းပုံ

အလားတူ အမေရိကန်က မင်းမဲ့တိုင်းပြည် တည်ငြိမ်မှုပျက်ပြားရေး အလိုရှိသလို OIC ကလည်း တိုင်းပြည် အစိတ်စိတ်အမွှာမွှာ ပြိုကွဲမှုကနေ မြန်မာနစ္စတန်ပြည်နယ် တစ်ခုပိုင်ပိုင်နိုင်နိုင်ခြေကုပ်ယူချင်နေပါတယ်လို့ ဆောင်းပါးရှင်သောင်းလွင်ဟိန်းက Golden Hand ဂျာနယ် (VI 3, No. 3/ pg.B)မှာ ရေးသားပါတယ်။ ၎င်းက တိုင်းပြည်အစိတ်အပိုင်းတွေ ကွဲထွက်ပြီး မွတ်စလင်ပြည်နယ်တစ်ခုပေါ်လာဖို့အတွက် NUG/PDFကို ရှေ့တန်းတင်ပြီး နောက်ကွယ်ကနေ OIC ကကစားကွက်ဖော်နေတယ်လို့ပဲ စွပ်စွဲရေးသားထားပါတယ်။

အစီရင်ခံစာပါ မှတ်တမ်းပုံ

ဆောင်းပါးရှင် မောင်ရိုးကတော့ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လာရင် အမေရိကန်က ကမ္ဘာကျော်အကြမ်းဖက် ဒလန်အုပ်စုဖြစ်ပြီး OIC ကတော့ နယ်ချဲ့သွေးစုပ်ဖုတ်ကောင် တွေသာဖြစ်တယ်လို့ (Golden Hand ဂျာနယ် (VI 2, No. 50/pg.14) မှာရေးသားထားပါတယ်။

၇ရိုဟင်ဂျာများအပေါ် အမုန်းစကား

သြဂုတ်လ ၂၅ ရက်နေ့ကို ရိုဟင်ဂျာတွေ မျိုးတုန်းသတ်ဖြတ်ခံရတဲ့နေ့အဖြစ် ကျင်းပနေကြခြင်းမှာ သူခိုးက လူဟစ်တဲ့ဘင်္ဂါလီ မသူတော်တွေဖြစ်ကြောင်း၊ အဆိုပါနေ့မှာ ရိုဟင်ဂျာတွေအသတ်ခံရတာမဟုတ်ဘဲ ရခိုင်တိုင်းရင်းသားတွေနှင့် ဟိန္ဒူဘာသာဝင်များ သတ်ဖြတ်ခံရတာသာဖြစ်ကြောင်း ဆောင်းပါးရှင်ကျွန်းသားငမန်းက Golden Hand Journal (VI:2,No:39/Pg.22)မှာရေးသားပါတယ်။

၎င်းက ARSA အကြမ်းဖက် အစွန်းရောက်ဘင်္ဂါလီတွေဟာရဲစခန်း(၃၀) ကျော်ကို လူအင်အားအလုံး အရင်းနှင့်ဝင်တိုက်ခဲ့ပြီးဟိန္ဒူဘာသာဝင် ၁၀၅ ဦးကို သတ်ဖြတ်ခဲ့ကြောင်း၊ အဆိုပါ လုပ်ရပ်များကြောင့် မိမိကိုယ်ကိုမလုံခြုံဟုယူဆသူတွေက ကျေးရွာများကိုမီးရှို့၍ မိသားစုတွေကိုခေါ်ဆောင် ထွက်ပြေးသွားကြကြောင်းရိုဟင်ဂျာများ သတ်ဖြတ်ခံရမှုကို မျက်ကွယ်ပြုပြီး အမုန်းတရား တကျော့ပြန်ပေါ်ပေါက်လာစေရန်သွေးထိုးရေးသားထားတာကို တွေ့ရပါတယ်။ နယ်စည်းမခြားဆရာဝန် များအဖွဲ့က 2017 ခုနှစ် သြဂုတ်လ ၂၅ရက်နေ့ကစပြီး တစ်လအတွင်း ရိုဟင်ဂျာ ၆၇၀၀ ထက်မနည်း အသတ်ခံရပြီး ထိုအထဲတွင် ကလေးသူငယ်၇၀၀ ကျော်ပါဝင်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ထို့အပြင် စစ်တပ်က ရိုဟင်ဂျာများကို ဂူတာပြင်၊ တူလာတူလီ၊ချွတ်ပြင်၊ အင်းဒင်တို့တွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ပြီး၊ ရွာပေါင်း (၃၉၂)ရွာ မီးရှို့ဖျက်ဆီး ခံရပါတယ်။

အစီရင်ခံစာပါ မှတ်တမ်းပုံ

NLD အစိုးရဟာ ရိုဟင်ဂျာတွေ နယ်မြေလုဖို့အားပေးပြီး ဗုဒ္ဓဘာသာကို နှိမ့်ချစော်ကားခဲ့တာကြောင့် စစ်တပ်က အာဏာသိမ်းရတာဖြစ်ကြောင်း Golden Hand ဂျာနယ် (VL-2, No-33/ Pg.B)မှာဆောင်းပါးရှင် ဝေသာလီမိုးမောင်က ရေးသားပါတယ်။

NLD အစိုးရဟာ ခိုးဝင်ဘင်္ဂါလီတွေ နယ်မြေလုပြီး ARKANISTAN နိုင်ငံထူထောင်ရေး ရည်မှန်းချက်ကိုရေလာမြောင်းပေးလုပ်တဲ့အနေနဲ့ သန်းခေါင်စာရင်းဥပဒေ၊ နောက်ယောင်ခံ ဥပဒေ၊ အမျိုးဇာတိပျက်ယွင်းခြင်းမှ ကာကွယ်သည့်ဥပဒေတွေကိုဖျက်သိမ်းသည့်အပြင် CRC ကလေးသူငယ်အခွင့်ရေးဆိုင်ရာဥပဒေကို ကန့်ကွက်နေသည့်ကြားက ပြဋ္ဌာန်းပေးခဲ့ကြောင်း၊ NLD ခေါင်းဆောင်တွေဟာ ဘာသာခြားတွေကို သံဃာတော်တွေနဲ့တတန်းတည်းထိုင်၊ တစ်ဝိုင်းထဲစားပြတာ၊ကုလားတွေကို ကိုရင် သီလရှင်တွေက ထိုင်ကန်တော့ရတာ စတဲ့ ဗုဒ္ဓဘာသာကို စော်ကားမှုပြုခဲ့ကြောင်း NLD ပါတီခေါင်းဆောင်များကိုလူမျိုးရေး ဘာသာရေးနဲ့လှည့်တိုက်ပြီး မုန်းတီးလာအောင် ရေးထားတာ တွေ့ရပါတယ်။

အစီရင်ခံစာပါ မှတ်တမ်းပုံ

မြန်မာနိုင်ငံသို့ ခိုးဝင်ရောက်ရှိလာသော ဘင်္ဂါလီမွတ်စလင်များသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသား(၁၃၅)မျိုး၏ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာ စရိုက်လက္ခဏာနှင့်ဆန့်ကျင့်ပြီး ဌာနေတိုင်းရင်းသားအပေါ် ညှင်းပန်းနှိပ်စက်နယ်မြေလုခြင်း အကြမ်းဖက်သတ်ဖြတ်မီးရှို့ခြင်း ဗုံးထောင် ဖောက်ခွဲခြင်းစသည့် ပြည်ဖျက်အကြမ်းဖက်မှုများ အစဉ်တစိုက် လုပ်ဆောင်နေကြသော ခိုးဝင်ဘင်္ဂါလီမွတ်စလင်အကြမ်းဖက်သမားများသာဖြစ်ကြောင်း ရေးသားထားသည့် မျိုးချစ်မြန်မာ ရဟန်းတော်များ သမဂ္ဂ(ရန်ကုန်)၏ ကြေညာချက်ကို Myanmar National Post ၏ Telegram Page တွင် ဒီဇင်ဘာ၁၉ ရက်နေ့က ဖော်ပြထားသည်။ အဆိုပါ ရေးသားချက်မှာ ကုလသမဂ္ဂ (၇၆)ကြိမ်မြောက် အထွေထွေညီလာခံမှ မြန်မာနိုင်ငံအပေါ် ချမှတ်သည့် ဆုံးဖြတ်ချက်အား ကန့်ကွက်ကြောင်း ထုတ်ပြန်သော ကြေညာချက်ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း ရာစုနှစ်များစွာ မှီတင်းနေထိုင်သောလူနည်းစုဝင် လူမျိုးတစ်မျိုးကို ရန်သူသဖွယ် မုန်းတီးရွံရှာလာစေရန်တိုက်ခိုက်ရေးသားချက်ပင်ဖြစ်သည်။

အစီရင်ခံစာပါ မှတ်တမ်းပုံအစီရင်ခံစာပါ မှတ်တမ်းပုံအစီရင်ခံစာပါ မှတ်တမ်းပုံအစီရင်ခံစာပါ မှတ်တမ်းပုံ

အလားတူ ဘင်္ဂါလီလူမျိုးများမှ မြန်မာတိုင်းရင်းသူများအား မုဒိန်းကျင့်သတ်ဖြတ်မှုများ၊ အုပ်စုလိုက် ခိုးဝင်မှုများ၊ရဟန်း သံဃာများအား သတ်ဖြတ်မှုများသည် ယခင်တည်းကဖြစ်ပေါ်ခဲ့ကြောင်း မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂ (အထက်မြန်မာပြည်)ကလည်း ကုလသမဂ္ဂ (၇၆)ကြိမ်မြောက် အထွေထွေညီလာခံမှ မြန်မာနိုင်ငံ အပေါ်ချမှတ်သည့်ဆုံးဖြတ်ချက်တွင် ရိုဟင်ဂျာဟု သုံးနှုန်းထားသည်ကိုကန့်ကွက်ကြောင်း ဒီဇင်ဘာ ၂၀ ရက်နေ့စွဲဖြင့် ထုတ်ပြန်သော၎င်းတို့၏ ကြေညာချက်တွင် ရေးသားထားသည်။

အစီရင်ခံစာပါ မှတ်တမ်းပုံ

ဗုဒ္ဓဘာသာဝင်များကိုးကွယ်ရာ ရဟန်းသံဃာများကိုနိုင်ငံရေးအကြောင်းပြပြီး အကြမ်းဖက်သတ်ဖြတ်နေခြင်းသည် ဘင်္ဂါလီတို့၏အကြမ်းဖက်ဝါဒနှင့် တစ်ပုံစံတည်းတူနေကြောင်း၊ NLD ပါတီထောက်ခံသူများက ၎င်းတို့နှင့်အမြင်မတူသူများကို တိုက်ခိုက်သတ်ဖြတ်နေခြင်းမှာဘင်္ဂါလီတို့ ကိုးကွယ်ရာ ဂျီဟတ်ဝါဒကို လုပ်ဆောင်ပေးနေခြင်းပင်ဖြစ်ကြောင်း Golden Hand Journal (Vl-2, No-48, Pg.18)တွင် ဆောင်းပါးရှင် ဦးသူရဇော် (အမျိုးသားရေး) က မဟုတ်မမှန်သော စွပ်စွဲချက်များဖြင့်အနိုင်ရပါတီ NLD ကို ဘာသာရေး၊ လူမျိုးရေး မုန်းတီးလာစေရန် တိုက်ခိုက်ရေးသားထားပါသည်။

အစီရင်ခံစာပါ မှတ်တမ်းပုံ

၈ခရစ်ယာန် အပေါ်ဝေဖန်တိုက်ခိုက်မှုများ

“တောလမ်းလေးအတိုင်းလျှောက်လာတဲ့ ဆရာတော်ကို ချင်းခရစ်ယာန်တစ်ယောက် သေနတ်ဒင်နဲ့ ထုချလိုက်ပြီးတော့မီးရှို့လိုက်တယ်" ဟုဆိုကာလူမျိုးရေး ဘာသာရေး အမုန်းတရား ကြီးမားလာအောင် လှုံ့ဆော်ရေးသားထားသော သတင်းအမှားတစ်ပုဒ်ကို မိုးကောင်းကင် အမည်ဖြင့် Facebook သုံးစွဲသူတစ်ဦးမှ နိုဝင်ဘာလ ၁ ရက်နေ့က ရေးသားခဲ့ပါတယ်။

အောက်တိုဘာလနဲ့ နိုဝင်ဘာလအတွင်းမှာ လူနည်းစုချင်းတိုင်းရင်းသား ခရစ်ယာန်ဘာသာဝင်များက ဗုဒ္ဓဘာသာဝင်များအထွဋ်အမြတ်ထားရာ ရဟန်းသံဃာတော်များကို မတရားသတ်ဖြတ်နေတယ်ဆိုတဲ့ လှုံ့ဆော်ရေးသားမှု အများအပြားပျံ့နှံ့လာပါတယ်။ အောက်တိုဘာလက ချင်းပြည်နယ် ထန်တလန်တဝိုက်မှာဗုဒ္ဓဘာသာဘုန်းတော်ကြီး ၃၀ ခန့်ကို ချင်းခရစ်ယာန် တိုက်ခိုက်ရေးသမားတွေကသတ်ဖြတ်ခဲ့တယ်ဆိုတဲ့ ကောလဟလ သတင်းမှားတွေကို အခြေခံပြီး ဗုဒ္ဓဘာသာနဲ့ခရစ်ယာန်ဘာသာဝင်တွေအကြား မုန်းတီးရေးဖြစ်ပေါ်စေရန် လှုံ့ဆော်ခဲ့ကြတာဖြစ်ပါတယ်။

အစီရင်ခံစာပါ မှတ်တမ်းပုံ

NUG ဒုသမ္မတက ခရစ်ယာန်ဆိုတော့ဘုန်းကြီးတွေ လိုက်သတ်နေတာ သူ့တာဝန်မကင်းဘူးလို့ စွပ်စွဲဝါဒဖြန့်ထားတဲ့ ဂိုရှယ်လေးရဲ့ဗီဒီဖိုင်ဟာ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပျံ့နှံ့လာပါတယ်။

“ဝန်းသိုက ဘုန်းကြီးလည်းအသတ်ခံရတယ်။ ကလေးတွေကို စာသင်ပေးနေတဲ့ဆရာတော်လည်း အသတ်ခံရတယ်။ အခု တစ်ရက်ထဲ ဘုန်းကြီး ၄ပါး သတ်တယ်။

ဆိုတော့ ဦးလရှီးလဟာ ခရစ်ယာန်ဖြစ်တယ်။ ဒီမှာဘုန်းကြီးတွေကို သတ်နေတာဟာ သူ့တာဝန်မကင်းဘူး ဘာသာရေးအရ ဒီလူ ယုတ်မာလုပ်နေတာလို့ ကျွန်တော်မြင်တယ်" လို့ September 23, 2021 ရက်နေ့က ထုတ်လွှင့်တဲ့ Arkan Media (AKK Media) ရဲ့ မြန်မာ့နိုင်ငံရေးရှင်းတမ်း(၅) အင်တာဗျူးဖိုင် (18:10-19:07mm)မှာ ဂိုရှယ်လေးက ပြောဆိုသွားတာ ဖြစ်ပါတယ်။ AKK Media ရဲ့ မူရင်း Live ဗီဒီယိုဖိုင်မှာတော့ 4.5K Like, 2.2.K Share, 1k Comments ရှိတာကို တွေ့ရပါတယ်။ AK Media Source

အစီရင်ခံစာပါ မှတ်တမ်းပုံ

ထို့အပြင် ခရစ်ယာန် ဖိလစ်ဒီဗရစ်တိုက မြန်မာနိုင်ငံသားများကိုလက်နက်နဲ့ခြိမ်းခြောက်ပြီး အတင်းအဓမ္မ ဘရင်ဂျီဘာသာထဲ ဝင်ခိုင်းခြင်း စေတီပုထိုးများဖျက်ဆီး၍ ဌာပနာဖောက်ယူခြင်း စသည့်သာသနာဖျက် လုပ်ငန်းများ ကျူးလွန်ခဲ့တယ်ဆိုတဲ့ ခရစ်ယာန်ဘာသာဝင်တွေအပေါ် ဘာသာရေး မုန်းတီးနာကျည်းစိတ်များ ဖြစ်ပေါ်လာ စေဖို့ဒီဇင်ဘာလထုတ် Golden Hand ဂျာနယ် Golden Hand ဂျာနယ် (VI 3, No. 1/pg.19) ပါ "မာယာများတဲ့ ဘာသာခြားတွေရဲ့ M သုံးလုံး ဗျူဟာ" ဆောင်းပါးမှာ ဆောင်းပါးရှင် မောင်ညိုဝင်း(ဧရာဝတီ) က ရေးသားလှုံ့ဆော်ထားပါတယ်။

အစီရင်ခံစာပါ မှတ်တမ်းပုံ

ဘင်္ဂါလီတို့သည် မိမိတို့ကျေးရွာများကို မိမိတို့ကိုယ်တိုင် မီးရှို့ကာ တပ်မတော်မှလာရောက်မီးရှို့သည်ဟုနိုင်ငံတကာသတင်းမီဒီယာများသို့ သတင်းပေးပို့ခဲ့ကြသလို ချင်းပြည်နယ် ထန်တလန်တွင်လည်းချင်းတော်လှန်ရေးသမားများက မီးရှို့ပြီးနောက် တပ်မတော်မှမီးရှို့ခဲ့ကြောင်း ပြည်ပမီဒီယာများမှတဆင့်ထုတ်လွှင့်ပေးခဲ့ကြောင်း မုန်းတီးရေးလှုံ့ဆော်မှုဆောင်းပါးတစ်ပုဒ်ကို Golden Hand Journal (VI-2, No-47, Pg.9/14)တွင် ဆောင်းပါးရှင်စွန်ရဲက ရေးသားခဲ့သည်။ ARSAက ရခိုင်မြောက်ပိုင်းတွင်တပ်မတော်က လူမျိုးတုန်းသတ်ဖြတ်နေကြောင်း၊ အစ္စလာမ်ဘာသာဝင်တွေကို နှိပ်ကွပ်နေကြောင်း နိုင်ငံတကာကို မျက်ရည်ခြူနိုင်ခဲ့သလို အစွန်းရောက် NLD အဖွဲ့ဝင် Dr.SaSa ကလည်းထန်တလန်အပါအဝင် ချင်းပြည်နယ်တွင် လူမျိုးတုန်း သတ်ဖြတ်မှုဂျီနိုဆိုက်ဟူသော စကားလုံးများကို အသုံးပြုကာ တွင်တွင်ကျယ်ကျယ်ပြောဆိုလာကြောင်း၊ ချင်းတပ်ဖွဲ့များဖြစ်သည့် CNF နှင့် CDF တပ်ဖွဲ့ဝင်များကြောင့် ဘာသာရေးအဆောက်အဦများ တိုက်ခိုက်ခံရပြီး ခရစ်ယာန်သင်းအုပ်ဆရာ တစ်ယောက် သေဆုံးခဲ့ရကြောင်းအဖြစ်မှန်နှင့် ကွဲလွဲစွာဖြင့် ပဋိပက္ခအငြင်းပွားမှုနှင့် လူမျိုးရေးမုန်းတီးမှုများဖြစ်ပေါ်စေရန် ဆောင်းပါးရှင် စွန်ရဲက လှုံ့ဆော်ရေးသားထားကြောင်း တွေ့ရှိရသည်။

အစီရင်ခံစာပါ မှတ်တမ်းပုံ

အနောက်နိုင်ငံက ခရစ်ယာန်တွေက ထောက်ပံ့ပြီး ရည်ရွယ်ချက်ရှိရှိ ဗုဒ္ဓဘာသာကို ဝိုင်းဖြိုနေကြတာလို့ဧရာဝတီသက်သေတည် အမည်ရ ဖေ့စ်ဘုတ်သုံးစွဲသူတစ်ဦးက စက်တင်ဘာလ ၅ ရက်နေ့က ရေးသားပါတယ်။

"(စစ်တပ်က အာဏာသိမ်းပြီးနောက်) ပထမ တိုက်တာ KNU ခရစ်ယာန်တွေပါ၊ ဒုတိယ KIA ခရစ်ယာန် တွေပါ၊တတိယ မင်းတပ် ချင်းပြည်နယ် ခရစ်ယာန်၊ စတုတ္ထ ကယား ကယန်းတွေလည်း ခရစ်ယာန်တွေပါပဲ၊သူတို့လိုချင်တာ ဒီမိုကရေစီမဟုတ်တော့ပါဘူး။ ဗုဒ္ဓဘာသာပပျောက်ရေးပဲ ဖြစ်လိမ့်မယ်"လို့ ဧရာဝတီသက်သေတည် အမည်ရ ဖေ့စ်ဘုတ်သုံးစွဲသူတစ်ဦးက စက်တင်ဘာလ ၅ ရက်နေ့မှာ ဘာသာ ရေး၊ လူမျိုးရေးလှုံ့ဆော်ရေးသားထားတာ တွေ့ရပါတယ်။ Source

အစီရင်ခံစာပါ မှတ်တမ်းပုံအစီရင်ခံစာပါ မှတ်တမ်းပုံအစီရင်ခံစာပါ မှတ်တမ်းပုံ

ထို့အပြင် မြန်မာ့တပ်မတော်ကြီးနှင့်လက်တွဲကာ NLD, ဘာသာခြားများနှင့် EAOs များကို ဆန့်ကျင် တိုက်ဖျက်သွားကြပါစို့ ဟုဆိုကာ ဘာသာရေး၊ လူမျိုးရေး လှုံ့ဆော်ရေးသားထားသော Post တစ်ခုကို ဦးခင်မောင်မြင့်အမည်ဖြင့် Facebook သုံးစွဲသူတစ်ဦးမှ အောက်တိုဘာလ ၈ ရက်နေ့က ရေးသားထားပါသည်။

PDF တွေ ဒလန်စွပ်စွဲ သတ်ကြတဲ့အထဲ ဘာသာခြားလူမျိုးမပါဘဲ မြန်မာတိုင်းရင်းသားတွေနဲ့ ဗုဒ္ဓဘာသာဝင်တွေပဲဖြစ်နေတယ်လို့ လူမျိုးရေးဘာသာရေးလှုံ့ဆော်ရန်တိုက်မှုတစ်ရပ်ကို သတိုးမင်းခေါင် ဆိုသူကသူ့ရဲ့ဖေ့စ်ဘုတ်မှာ စက်တင်ဘာ ၂၂ ရက်နေ့က ရေးသားထားပါတယ်။ ၎င်းရဲ့ ပို့စ်ကို like ၂၁၉ နဲ့ ၉၃၈ ဦးက share ထားတာတွေ့ရပါတယ်။ Source Source

၉ဟိန္ဒူဘာသာဝင်တို့ယုံကြည်ရာကိုလည်း တိုက်ခိုက်

အိန္ဒိယနိုင်ငံမှာ သန်းပေါင်းများစွာသော ဟိန္ဒူတွေဟာသူတို့ရဲ့ယုံကြည်ကိုးကွယ်ရာ နတ်ဘုရားတွေဟာ သူတို့ကို Covid ကပ်ရောဂါဘေးကနေ မကယ်နိုင်ဘူး ဆိုပြီးသူတို့နေအိမ် ဘုရားကျောင်းအစရှိတဲ့ နေရာတွေ ကနေရုပ်တုအကုန်လုံးကို လမ်းမပေါ်လွှင့်ပစ်တာမျိုး မြစ်ထဲချောင်းထဲကို မျှောပစ်တာမျိုးတွေ ပြုလုပ်နေကြတယ်လို့ Facebook သုံးစွဲသူ ဇင်ဖြိုးပိုင် MESI ဆိုသူက ၂၀၂၁ ခုနှစ်မေလ ၁၈ ရက်နေ့မှာ သတင်းမှားတစ်ခုကို လုပ်ကြံရေးသားလာပါတယ်။

G Naing - ဧဝံဂေလိ သာသနာ ဆိုသူကလည်း မေလ ၁၄ ရက်နေ့ကတည်းက အဆိုပါ သတင်းမှားကိုရေးသားထားပြီး တဆက်တည်း ဆာလံကျမ်းမှာ ငါတို့ဘုရားသခင်က ကောင်းကင်ဘုံ၌ရှိတော်မူတယ်။

အလိုတိုင်းပြုတော်မူတယ်။ ဒါပေမယ့် သူတို့ကိုးကွယ်တဲ့ လူလုပ်ဘုရားတွေကတော့ နှုတ်ရှိ၍ စကားမပြောတတ် မျက်စိရှိ၍ မမြင်တတ်၊ နားရှိ၍ မကြားတတ်၊ နှာခေါင်းရှိ၍ မနမ်းတတ်.. စသဖြင့် ရေးသားပြီးစစ်မှန်အသက်ရှင်တဲ့ ဘုရားကို မြင်လာဖို့ ဆုတောင်းပေးရအောင်ပါလို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဟိန္ဒူဘာသာရေး အသိပညာအဖွဲ့ကတော့ ၎င်းတို့၏ Facebook Page ကနေ ဒါဟာ ဟိန္ဒူဘာသာ ဝင်တို့ရဲ့ဘာသာရေးပွဲတော်ကို ပုံဖျက်ပြီး ဘာသာရေးမှိုင်းတိုက်နေကြတာလို့ တုန့်ပြန်ရေးသား လာပါတယ်။ အဆိုပါဓါတ်ပုံတွေဟာ ဟိန္ဒူဘာသာဝင်တို့ရဲ့ ၉ ရက်တိတိ ရွှံ့နဲ့ထုလုပ်ပူဇော်တဲ့ ဘုရား ရုပ်တုနှင့် ကလက်ရှ်အိုးတို့ကိုပူဇော်ပြီး ၁၀ ရက်မြောက်နေ့မှာ အဆိုပါ ဆင်းတုတော်တွေကို ရေချပူဇော်တာဖြစ်တယ်လို့ ရှင်းပြထားပါတယ်။

အစီရင်ခံစာပါ မှတ်တမ်းပုံအစီရင်ခံစာပါ မှတ်တမ်းပုံအစီရင်ခံစာပါ မှတ်တမ်းပုံ

၂၀၂၁ ခုနှစ် သြဂုတ်လတွင် ရုပ်သံဇာတ်လမ်းတွဲတင်ဆက်နေသည့် Channal လိုင်းများဖြစ်သည့် Channal K နှင့် He Play တို့တွင် ဟိန္ဒူဘာသာရေးဆိုင်ရာ ဘုရားများနှင့်ပတ်သက်ပြီး အခေါ်အဝေါ် အသုံးအနှုန်းများလွဲမှားနေကြောင်း ဟိန္ဒူဘာသာရေးအသိပညာပေးအဖွဲ့က ကန့်ကွက်ခဲ့ရသည်။ Channal K ရုပ်သံလိုင်းတွင်ထုတ်လွှင့်ပြသသည့် “ဖန်ဆင်းသူတို့ ကမ္ဘာ"၊ He Play ရုပ်သံလိုင်းတွင် ထုတ်လွှင့်ပြသသည့် "လောကအရှင်တို့၏ မေတ္တာနှောင်ကြိုး"တို့တွင် ဘုရားသခင်၏နာမတော်များကို အလွဲအလွဲအမှားမှားဖြင့် ဘာသာပြန်ရေးသားနေသည်မှာ ဟိန္ဒူဘာသာအား ပုတ်ခတ်နေသလိုဖြစ်ကြောင်း၊ ဘာသာရေးဆိုတာ အရမ်းထိလွယ်ရှလွယ်အတွက် ရှောင်ကျဉ်သင့်ကြောင်း ကန့်ကွက်ထားပါတယ်။ Source

အစီရင်ခံစာပါ မှတ်တမ်းပုံအစီရင်ခံစာပါ မှတ်တမ်းပုံ

ဒါ့အပြင် ဇွန်လတုန်းကလည်း လူမှုကွန်ရက်စာမျက်နှာများတွင် စဉ့်ကိုင်မြို့က ကာလီမယ်တော်သဏ္ဌာန်ရုပ်တုထုလုပ် ကိုးကွယ်ထားမှု ဓါတ်ပုံ ပျံ့နှံ့လာရာ ဟိန္ဒူဘုရားနှင့်မတူကြောင်း ဘာသာတရားကိုမစော်ကားရန် ဟိန္ဒူဘာသာရေးအသိပညာပေးအဖွဲ့က ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ပါတယ်။ Source

အစီရင်ခံစာပါ မှတ်တမ်းပုံအစီရင်ခံစာပါ မှတ်တမ်းပုံ

"ကရင်ပြည်နယ်မှာ ဘာသာခြား(နွား)တို့ ငွေဖြင့်ဝယ်ယူထားသည့်ကရင်ပျိုဖြူလေးများ" ဟုဆိုကာ ဟိန္ဒူဘာသာဝင်လူငယ်များ၏ လူမျိုးကွဲစုံတွဲဓါတ်ပုံများကို တင်ပြီး ဘာသာရေး လူမျိုးရေး ဝါဒမှိုင်းတိုက် ရေးသားမှုတစ်ခုကို အဲဒေါ့ဏီဆိုသူက ၎င်းရဲ့ဖေ့စ်ဘုတ် စာမျက်နှာမှာ စက်တင်ဘာ ၂၀ရက်နေ့က ရေးသားလှုံ့ဆော်ခဲ့ပါတယ်။

အစီရင်ခံစာပါ မှတ်တမ်းပုံ

၁၀သတင်းမှား / လုပ်ကြံသတင်း ( Fake News / Fabricate News)

ပန်းဘဲတန်း NLD ကိုယ်စားလှယ်စည်သူမောင်၊ ဝေမိုးနိုင်နှင့်မြအေးတို့သည်မွတ်စလင်ရွှေညီနောင်များ အဖွဲ့ကွန်ယက်ကို လျှို့ဝှက်ဖွဲ့စည်းထားသည့်အစ္စလာမ်ဘာသာပြန့်ပွားရေးကို အဓိကဦးဆောင်နေကြသူများ ဖြစ်ကြောင်းသိရှိရဟု ဟိန်းဝေယံထွန်းဆိုသူက သူ့ရဲ့ဖေ့စ်ဘုတ် စာမျက်နှာမှာ ဧပြီ ၁၅ရက်နေ့က သတင်းမှားတစ်ခုကို လုပ်ကြံရေးသားထားတာတွေ့ရပါတယ်။

အစီရင်ခံစာပါ မှတ်တမ်းပုံ

“OIC ထောက်ပံ့ငွေဖြင့် KNU ထဲနေရာကြီးကြီး ပေးထား၍ တောခိုမြန်မာမများကို မလွတ်တန်း မုဒိန်းကျင့်ပြီး အလိုမတူ ဘာသာမစွန့်သူဆိုလျင်ရက်စက်စွာသတ်ဖြတ်မြေမြှုပ်။ ဘုရားပေါ်ဖိနပ်စီး ဘန်ကာလုပ်သူ ဒါကြောင့်ဂျီဟတ်ဝင်ပူးနေပါတယ်လို့"ဟူသော သတင်းမှားတစ်ပုဒ်ဖြင့် အမုန်းပွားစေရန် “သာဂီကနောင် " အမည်ဖြင့် facebook သုံးစွဲသူတစ်ဦးမှ ဒီဇင်ဘာလ ၂၅ ရက်နေ့က ရေးသားခဲ့သည်ကို တွေ့ရှိခဲ့ရပါသည်။

KNU အရာရှိတစ်ဦးဖြစ်သူ ဗိုလ်မှူးကြီးစောနေမင်းလွင် (KNU ဥက္ကဌ၏အနီးကပ်လုံခြုံရေးတပ်ဖွဲ့မှူး)၏ ဓါတ်ပုံကို အသုံးပြုကာ KNU သည် OIC ၏ ထောက်ပံ့ကြေးယူကာ မွတ်စလင်များကို ရာထူးကြီးကြီးပေး၍ မြန်မာမိန်းကလေးများကို မုဒိန်းကျင့်သတ်ဖြတ်ခြင်းများ ပြုလုပ်ခွင့်ပေးသယောင် လုပ်ကြံ ဝါဒဖြန့်ထားခြင်းဖြစ်သည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သော KNU နှင့် မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များအပေါ် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ အမြင်စောင်းကာရွံရှာမုန်းတီးလာစေရန် မဟုတ်မမှန်လုပ်ကြံ စွပ်စွဲရေးသားထားခြင်း ဖြစ်ကြောင်း တွေ့ရှိရပါသည်။

အစီရင်ခံစာပါ မှတ်တမ်းပုံ

“ဗလီကနေ ဂျီဟတ်နည်းသင်ပေးထားတာ ဗလီတွေဟာ PDF ဌာနချုပ်တွေပဲ" ဟူ၍ အစ္စလာမ်ဘာသာဝင်များနှင့် စစ်အာဏာသိမ်းမှုမကျေနပ်၍ လက်နက်ကိုင်တော်လှန်နေကြသော PDF တော်လှန်ရေး အင်အားစုများကို အထင်မှား အမြင်မှားဖြစ်ပေါ်အောင် လုပ်ကြံသတင်းမှားတစ်ခုကို Ko Ko အမည်ဖြင့် Facebook သုံးစွဲသူတစ်ဦးမှ နိုဝင်ဘာလ ၁၂ ရက်နေ့က ရေးတင်ခဲ့ကြောင်းတွေ့ရှိရပါသည်။

အစီရင်ခံစာပါ မှတ်တမ်းပုံ

“တောင်ကြီးဗလီအတွင်းက လက်နက်ခဲယမ်းအချို့နှင့်အတူဝက်မစား(၁၁)ကောင် ဖမ်းမိ ၊ မြို့နယ်တိုင်း စောင့်ကြည့်သင့်သည်။"

ဆိုသော သတင်းအမှား ရေးသားမှုတစ်ခုအား Kyaw Thet ဆိုသည့် Facebook အကောင့်ပိုင်ရှင်မှ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ရေးသားခဲ့ပါသည်။ အစ္စလာမ်ဘာသာဝင်များနှင့် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တော်လှန်နေကြသော PDF တော်လှန်ရေး အင်အားစုများကိုအထင်မှား အမြင်မှားဖြစ်ပေါ်အောင် လုပ်ကြံရေးသားထားသည့်သတင်းမှားဖြစ်သည်။

အစီရင်ခံစာပါ မှတ်တမ်းပုံ

မန်းဗလီ၄လုံးအား ဝင်ရောက်စစ်ဆေးတာကို ၂ လုံးက ပြန်လည်ပစ်ခတ်မှုကြောင့်တိုက်ပွဲဖြစ်နေကြောင်းသိရဟု ဖေ့စ်ဘုတ်သုံးစွဲသူ August May ဆိုသူက ဇွန်လ ၂၃ ရက်နေ့မှာ လုပ်ကြံရေးသားထားပါတယ်။

“အရေးကြီးသတိပေးပါရစေ။ မနက်ဖြန် ၂၂ရက်နေ့ လူအုပ်စုအတွင်း အသေခံဗုံးခွဲမသား ARSA များရောက်ရှိနေပြီ ဖြစ်ကြောင်း AA က သတင်းထုတ်ပြန်ထားပါတယ်"ဟု သတင်းမှားတစ်ပုဒ်ကို ဖေ့စ်ဘုတ်သုံးစွဲသူ မြဦး က ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ရေးသားခဲ့ပါတယ်။

၁၁နိဂုံးချုပ် သုံးသပ်ချက် (Conclusion)

၂၀၂၁ ခုနှစ်အတွင်း တွေ့ရသော လူမျိုးရေး/ ဘာသာရေး အမုန်းစကားများသည် ယခင်ခေတ် အဆက်ဆက်တွင်ရှိခဲ့သော ဇာတ်ကြောင်းများကို နွေဦးတော်လှန်ရေးကာလ ဖြစ်စဉ်များနှင့် ချိတ်ဆက်ထားသော အမုန်းစကားများသာဖြစ်ကြောင်း တွေ့ရှိရသည်။ လူမျိုးရေး/ ဘာသာရေး အမုန်းစကားများသည် တော်လှန်ရေး လှုပ်ရှားမှုများကို အသွင်ပြောင်းရန် ရည်ရွယ် ဖြန့်ချိနေကြောင်း မြန်မာပြည်သူလူထုသည် သိရှိနေကြသော်လည်း ယင်းဇာတ်ကြောင်းများသည် လူထုစိတ်တွင်း ကာလတန်ကြာ စွဲထင်နေခဲ့ပြီးဖြစ်ခြင်းနှင့် ထပ်ခါထပ်ခါ ရောက်ရှိနေခြင်းကြောင့် အမုန်းစကားများမှာ ဆက်လက်အားကောင်းနေလျက်ရှိနေသည်။

အမုန်းစကားများကို စစ်တပ်အရာရှိဟောင်းကြီးများ ထုတ်ဝေသော Golden Hand, မြန်မာသံတော်ဆင့်နှင့် Myanmar Guardian စသည့် မွတ်စလင်ဆန့်ကျင်ရေး အမုန်းစကားများ ရေးသားသော ဂျာနယ်များတွင်ဦးစွာတွေ့ရ၍ ယင်းတို့ကို စစ်တပ်ထောက်ခံသော လူမှုကွန်ယက် အကောင့်များစွာနှင့် ဂရုများတွင်ဆက်လက်ရေးသား ဖြန့်ဝေကြကြောင်း တွေ့ရသည်။ ၎င်းအမုန်းစကားများသည် စစ်ကောင်စီ ခေါင်းဆောင်များပြောဆိုသော အမုန်းစကား အကြောင်းအရာများနှင့်လည်း တိုက်ရိုက်ဆက်စပ်နေသည်။

ဒီမိုကရေစီ အရေးတော်ပုံ ၈၈ အရေးအခင်းကြီးအား စစ်တပ်က လက်နက်အားကိုး ဖြိုချပြီး လပိုင်းအကြာတွင်ဒီမိုကရေစီရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အစွန်းရောက် အမျိုးသားရေးလှိုင်း အားကောင်းလာခဲ့ပြီး မွတ်စလင်ဆန့်ကျင်ရေးများကို တဟုန်ထိုးအရှိန်မြှင့်တင်ခဲ့သည်။ မွတ်စလင်များသည် တိုင်းပြည်ရဲ့ အန္တရာယ်၊ နိုင်ငံတော်လုံခြုံရေးကိုခြိမ်းခြောက်နေသောကြောင့် အမျိုးသားရေးအသိစိတ်ဖြင့် ကာကွယ်ရပါမည်ဟူ၍ မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားမှုကြီးရဲ့ မဟာဗျူဟာမြောက် "အမျိုးပျောက်မှာ စိုးကြောက်စရာ" စာအုပ်ကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေခဲ့သည်။

ယခု ၂၀၂၁ ခုနှစ်တွင်လည်း နွေဦးတော်လှန်ရေး လှုပ်ရှားမှုများကို မွတ်စလင်များက ထောက်ပံ့နေကြောင်း၊မွတ်စလင်များက လူမျိုးရေး၊ ဘာသာရေးနယ်ချဲ့နေကြောင်း၊ တိုင်းပြည်ကို ဖျက်ဆီးနေကြောင်း၊ မွတ်စလင်များကြောင့် ဗုဒ္ဓဘာသာနိုင်ငံများ ပျက်ဆီးခဲ့ကြောင်းစသည့် သတင်းအမှား၊ အမုန်းစကား ဇာတ်ကြောင်းများစွာတို့သည် ငြိမ်းချမ်းစွာအတူ ယဉ်တွဲနေထိုင်ရေးနှင့် ဒီမိုကရေစီ နိုင်ငံတည်ဆောက်ရေးအတွက် အကြီးမားဆုံးသောအဟန့်အတားများဖြစ်နေပါသည်။ မွတ်စလင်များကိုသာမက ခရစ်ယာန်များကိုလည်း မုန်းတီးစေရန် ချိတ်ဆက်ပြောဆိုမှုများ၊ ဟိန္ဒူများနှင့် ပတ်သက်၍လည်း နှိမ့်ချစော်ကားစွာ ရေးသားပြောဆိုနေမှုများသည် စစ်အာဏာရှင်များ၏ အာဏာဆက်လက်ချုပ်ကိုင်နိုင်ရေးအတွက် အမျိုး၊ ဘာသာ၊ သာသနာကို အစွန်းရောက်အမျိုးသားရေးမူဝါဒအဖြစ် အသုံးချပြီး ပြည်သူများနှင့် တော်လှန်ရေးအင်အားစုများအကြား ဘာသာ၊ လူမျိုး မတူကွဲပြားမှုကိုအကြောင်းခံကာ စည်းလုံးညီညွတ်မှု ပျက်ပြားစေရန်နှင့် အင်အားချည့်နဲ့သွားစေရန် ဖော်ဆောင်နေကြောင်းမှတ်ချက်ပြုနိုင်သည်။

လူမျိုးရေး ဘာသာရေး အမုန်းစကား သတင်းအမှားများစွာကို ဖော်ထုတ်ချေဖျက်ရန်အတွက် လူထုအတွင်းအချက်အလက်အမှန်များဖြင့် ကြိမ်ဖန်များစွာ မျှဝေပေးရေးသည်ကသာ မြန်မာလူ့အစုအဝေးအတွင်း မတူကွဲပြားမှုများကို နားလည်၍ စစ်အာဏာရှင်များ၏ ၎င်းတို့လိုသလို အသုံးချနိုင်ရေးအတွက် ဖြန့်ချိနေသော လူမျိုးရေး၊ဘာသာရေး အမုန်းစကားများ နိဂုံးချုပ်စေနိုင်ပါသည်။ သို့မှသာ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကိုတည်ဆောက်ရာတွင် အမုန်းစကားများက အဟန့်အတားမဖြစ်စေဘဲ မတူကွဲပြားမှုကို အင်အားတစ်ရပ်အနေဖြင့်ရယူအကျိုးပြုနိုင်မည်ဖြစ်ပါသည်။

============================================================

မြန်မာလူ့အခွင့်အရေးကွန်ယက် (BHRN)

မီဒီယာဆက်သွယ်ရန်

ဦးကျော်ဝင်းအမှုဆောင်ဒါရိုက်တာမြန်မာလူ့အခွင့်အရေးကွန်ယက် (BHRN)This email address is being protected from spambots. You need JavaScript enabled to view it.+44(0) 740 345 2378
Follow BHRN

Get our latest press releases and reports.

More reports

All reports →