ကမန်များသည် အသိအမှတ်ပြုခံရသည့် လူမျိုးစုဖြစ်သော်လည်း ခွဲခြားဆက်ဆံမှုကို ခံနေရသည်။ မြန်မာ့လူ့အခွင့်အရေးကွန်ယက်သည် ၂၀၁၂ အဓိကရုဏ်းအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသော ကမန်မွတ်စလင်များစွာနှင့် တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။ ကမန်လူမျိုးများသည် မြန်မာအစိုးရ၏ အသိအမှတ်ပြုခံထားရသည့် တိုင်းရင်းသားလူမျိုးစု ဖြစ်သော်လည်း ဆိုးရွားတဲ့ ခွဲခြားဆက်ဆံမှုများနှင့် နိုင်ငံသားဆိုင်ရာ အကန့်အသတ်များကို ဆက်လက်ရင်ဆိုင်နေရဆဲ ဖြစ်သည်။ ကမန်လူမျိုးများအား ဘာကြောင့်သူတို့နေအိမ်များသို့ ပြန်သွားခွင့်မပြုသနည်း။ မြန်မာအစိုးရအနေဖြင့် ရိုဟင်ဂျာများအပေါ် သူတို့၏ မူဝါဒများသည် ဘာသာရေးနှင့် လုံးဝမသက်ဆိုင်ကြောင်း ထပ်ခါတလဲလဲပြောဆိုခဲ့သည်။ သို့သော် ကျောက်ဖြူနှင့် မြေပုံတွင် တိုင်းပြည်တွင် အသိအမှတ်ပြုခံထားရသော ကမန်လူမျိုးများအပေါ် ခွဲခြားဖိနှိပ်သော မူဝါဒများကို အသုံးပြုသည်ကို တွေ့ရသည်။ ရခိုင်ပြည်နယ်ရှိ မွတ်စလင်မဟုတ်သော လူနည်းစုများသည် ဖိနှိပ်ချုပ်ခြယ်သော မူဝါဒများနှင့် ရင်မဆိုင်ရသောကြောင့် ခွဲခြားဆက်ဆံခြင်းသည် ဘာသာရေးကို အခြေခံသည်မှာ ထင်ရှားသည်။
၂၀၁၂ခုနှစ်အကြမ်းဖက်မှုများအပြီးတွင် အိုးအိမ်စွန့်ခွာခဲ့ရသော ကျောက်ဖြူမြို့နယ် အတွင်းရှိ IDP များအား သူတို့၏ မူလနေရာသို့ ပြန်ခွင့်မပြုခဲ့ပါ။ ကျောက်ဖြူမြို့ပေါ်က မွတ်စ်လင်မ်တွေကို မြို့ပြင်က ဒုက္ခသည်စခန်းမှာ ၈ နှစ်လောက် ထားပြီးတဲ့နောက် မူလနေရာတွေကို ပြန်ခွင့်မပေးဘဲ ခုတော့ ရေမြုပ်တဲ့ လယ်ကွင်းတွေမှာ နေရာချဖို့ အစိုးရက စီစဉ်နေပါသည်။ ကျောက်ဖြူရှိ IDP များသည် များသောအားဖြင့် ကမန်လူမျိုးများ ဖြစ်ကြသည်။ ကမန်သည် မွတ်စလင်များဖြစ်သော်လည်း ရိုဟင်ဂျာများနှင့်မတူဘဲ အစိုးရမှ ဌာနေတိုင်းရင်းသားအဖြစ် အသိအမှတ်ပြုသည်။ ဤသို့ဖြစ်လင့်ကစား ကမန် IDP များသည် မွတ်စလင်များဖြစ်သည့်အတွက် ကန့်သတ်ချက် များနှင့် လွတ်လပ်စွာသွားလာခွင့်မရကြပေ။ ဒုက္ခသည်စခန်းရှိ နေရပ်စွန့်ခွာ တိမ်းရှောင်သူ ဦးအေးနိုင်သည် ဒုက္ခသည်စခန်းရှိ နေရပ်စွန့်ခွာသူများက မိမိတို့နေအိမ်များသို့သာ ပြန်လိုကြပြီး အစိုးရ၏ စီမံကိန်းများကို ဆန့်ကျင်ကြောင်း ပြောကြားခဲ့သည်။
ဒုက္ခသည်စခန်းမှာ နေရသူ ဦးအေးနိုင်က “အခုနေရာချမယ်ဆိုတဲ့နေရာက အခု နေရတဲ့ ဒုက္ခသည်စခန်းရဲ့ အရှေ့ဘက် တမိုင်လောက်က လယ်ကွင်းထဲမှာပါ။ အဲဒီမှာက မိုးတွင်းဆိုရင် အားလုံးမြုပ်နေတဲ့ နေရာ။ အဲဒီမှာ နေရာချမယ်ဆိုတာ ကျနော်တို့ကို ကြိုပြီး မပြောဘူး။ ဧပြီ ၂ ရက်က သူတို့ အဲဒီနေရာကို မြေတွေ ရှင်းတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးက ကျနော်တို့ စခန်းကို လာပြီး အဲဒီမှာ နေရာချမယ်ဆိုတာ လာပြောတယ်။ ကျနော်တို့အားလုံးက ကန့်ကွက်တယ်။ အဲဒီအခါ ကန့်ကွက်တဲ့သူကို အရေးယူမယ်လို့ ပြောတယ်”

အဲဒီနေရာဟာ ဂုံးချိန်ရွာက လယ်သမားတွေပိုင်ဆိုင်တဲ့ လယ်မြေတွေဖြစ်ပြီး အစိုးရက ပြီးခဲ့တဲ့ နှစ်တော်တော်ကြာကပဲ သိမ်းယူ ထားခဲ့တာ ဖြစ်ပါတယ်။ နေရာအသစ် ဟာလေးဘက်လေးတန်မှာ ထွက်ပေါက်လမ်းလုံးဝမရှိတဲ့ နေရာဖြစ်တယ်လို့ လည်း ဦးအေးနိုင်က ပြောပါတယ်။
၂၀၁၂ ခုနှစ်က မွတ်စ်လင်မ်တွေနေတဲ့ ကျောက်ဖြူမြို့၊ ပိုက်ဆိပ်ရပ်ကွက်ကို မီးရှို့လို့ အဲဒီကလူတွေဟာ စစ်တွေ၊ ပေါက်တော စတဲ့မြို့တို့ကို ထွက်ပြေး သွားကြရပြီး တခြားရပ်ကွက်က မွတ်စ်လင်မ်တွေကတော့ သူတို့အိမ်တွေမှာပဲ ကျန်ခဲ့ကြပါတယ်။ အဲဒီနောက် မြို့မိ၊မြို့ဖတွေကိုယ်တိုင်က ခဏပြောင်းနေပေးပါ ဆိုပြီး ကားတွေနဲ့ တင်ခေါ်ပြီးတဲ့နောက် မြို့ရဲ့တောင်ဖက် ၂ မိုင်လောက် အကွာမှာရှိတဲ့ ကျောက်တလုံး ဆိုတဲ့နေရာမှာ ထားခဲ့တာပါ။ စရောက်ချိန်က မြက်ရိုင်းတွေပဲရှိပြီး နောက်ပိုင်းမှာမှ အစိုးရနဲ့ အန်ဂျီအိုတွေက စခန်းတွေ ဆောက်ပေးခဲ့တာပါ။ ဒီနေရာဟာလည်း မိုးတွင်းဆိုရင် စခန်း ထက်ဝက် လောက်က ရေမြုပ်နေတာကြောင့် ထုံနာကျင်နာတွေဖြစ်ပြီး သွားလာရ အင်မတန်ဒုက္ခရောက်တဲ့ နေရာတခု ဖြစ်ပါတယ်။

ဒီနရာကို ပြောင်းလာကာစက လူ ၁၅၃၆ ယောက်ရှိပြီး သေဆုံးတာ၊ နိုင်ငံသား စိစစ်ရေးကတ်ရှိသူတွေ၊ ငွေတတ်နိုင်သူတွေက ရန်ကုန်နဲ့ တခြားမြို့တွေကို ထွက်သွား ကြတာကြောင့် အခုတော့ လူ ၁၀၀၀ ပဲ ကျန်ပါတော့မယ်။ သူတို့ရဲ့ စားသောက်ရေးအတွက် WFP က ရိက္ခာတွေ ထောက်ပံ့ပေးခဲ့ပေမယ့် လွန်ခဲ့တဲ့ တနှစ်လောက်ကစပြီး တယောက်စာ တရက်ကို ငွေ ၅၀၀ ကျပ်ပဲ ပေးတော့တယ်လို့ ဒုက္ခသည်စခန်းက ဦးမောင်မောင်က ပြောပါတယ်။ ဒါကြောင့် အရင်က စခန်းအပြင်ထွက်ရင် လုံခြုံရေးယူထားတဲ့ ရဲတွေက အပြစ်ပေးတာ ရှိခဲ့ပေမယ့် အခုတော့ မြို့ထဲက ဈေးကိုသွားပြီး ဝယ်နိုင်ကြပြီ ဖြစ်ပါတယ်။
“ကျနော်တို့နဲ့ မြို့ထဲကလူတွေ (ရခိုင်ဗုဒ္ဓဘာသာဝင်တွေ) နဲ့က ဘာပြဿနာမှ မရှိဘူးလေ။ ဖြစ်စတုန်းကတော့ တမျိုးပေါ့။ ခုတော့ ဘာမှမဖြစ်ဘူး” လို့ ကိုဇော်ဇော်က ပြောပါတယ်။
သူတို့ရဲ့ အိမ်တွေကတော့ မြို့ထဲမှာပဲ ရှိနေသေးပြီး တချို့အိမ်တွေကတော့ မသမာသူတွေက ဖျက်ပြီး ယူသွားကြတယ်လို့ဆိုပါတယ်။ ဒါကြောင့် မွတ်စ်လင်မ်တွေရဲ့ အိမ်ကို မကျူးကျော်ဖို့၊ မဖျက်ဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးက စာနဲ့ ထုတ်ပြန်ထားခဲ့ပါတယ်။
ဒီစခန်းကို ပိတ်ပြီး မွတ်စ်လင်မ်တွေကို ပင်လယ်ထဲက ကျွန်းတကျွန်းမှာ နေရာချထားဖို့ ပြီးခဲ့တဲ့ ဦးသိန်းစိန် အစိုးရလက်ထက်က စီစဉ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ရခိုင်လူမျိုးအဖွဲ့အစည်းတွေက ကန့်ကွက်တာကြောင့် အထမမြောက် ခဲ့ပါဘူး။ နိုင်ငံတကာရဲ့ ဖိအားတွေကို လျှော့ချဖို့ မွတ်စ်လင်မ်ဒုက္ခသည်စခန်းတွေကို ပိတ်သိမ်းဖို့အတွက် အစိုးရက ကြိုးစားနေပြီး ပထမဆုံးအနေနဲ့ မြေပုံမြို့နယ်က မွတ်စ်လင်မ်ဒုက္ခသည်စခန်းကို ပိတ်သိမ်းခဲ့ပြီ ဖြစ်ပါတယ်။ ဒုက္ခသည်တွေအနေနဲ့ အရင်လို မြို့ပေါ်မှာ လုပ်ကိုင်စားသောက်ဖို့ မဖြစ်နိုင်တော့တာကြောင့် ထောက်ပံ့နေတဲ့ ရိက္ခာတွေကို အားကိုးနေရတာဖြစ်ပြီး ဒုက္ခသည်စခန်း ပိတ်သိမ်းလိုက်ရင်၊ ဒုက္ခသည်စာရင်းမဝင်တော့ရင် အထောက်အပံ့တွေလည်း ရပ်ဆိုင်းတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့မှာ လုပ်ကိုင်စားသောက်ဖို့လည်း လူအများစုအတွက် မဖြစ်နိုင်ကြဘူးလို့ ဒုက္ခသည်တွေက ပြောပါတယ်။
“မြို့ပေါ်က လူအများစုက ဈေးရောင်းကြတာလေ။ ခုက မရောင်းရတော့ဘူး။ လယ်သမားဆိုတာက အများစုပဲ။ ဒါတောင်မှ အရင်လို လယ်လုပ်နိုင်တာ မဟုတ်တော့ဘူး” လို့ မြေပုံ ဒုက္ခသည်စခန်းက ကိုအောင်မြင့်က ပြောပါတယ်။

ဒုက္ခသည်စခန်းမှာ စည်းကမ်းချက်အမျိုးမျိုးနဲ့ နေထိုင်ကြရတာကြောင့် အစိုးရ တာဝန်ရှိသူတွေဟာ မွတ်စ်လင်မ်တွေကို NVC ကတ်ယူဖို့အတွက် ဒါကို အသုံးချ ကြပါသေးတယ်။ ဥပမာအားဖြင့် ကျောက်ဖြူ ကျောက်တလုံး ဒုက္ခသည် စခန်းက လူတွေဟာ စခန်းထဲမှာရတဲ့ရေက သောက်ဖို့ သိပ်မကောင်း တာကြောင့် စခန်းအပြင်မှာရှိတဲ့ ရေတွင်းကရေကို သွားခပ်လေ့ရှိကြပါတယ်။ ဒါကို အစိုးရက စခန်းတာဝန်ခံကို မက်လုံးပေးပြီး NVC ကတ် မယူရင် အပြင်မထွက်ရဘူးလို့ ကန့်သတ်ခိုင်းဖူးပါတယ်။
စခန်းထဲက လူတွေဟာ ပိတ်လှောင်ခံထားရပြီးသူတွေဖြစ်လို့ အာဏာပိုင် အစိုးရ အနေနဲ့ သူတို့လိုချင်တဲ့ပုံစံကိုရအောင်လုပ်ဖို့ အင်မတန်လွယ်ကူပြီး သူတို့ရဲ့ သတင်းတွေကလည်း ပြည်တွင်းသတင်းတွေမှာ ပါလေ့မရှိတာကြောင့် လူအများစု ကလည်း မသိကြပါဘူး။ ဒါတွေဟာ နိုင်ငံသားတွေကိုခွဲခြားထားတဲ့ ၁၉၈၂ နိုင်ငံသားဥပဒေကို အခြေခံထားတဲ့ အတွက်ကြောင့် ခွဲခြား ဆက်ဆံမှုတွေကို အခြားသော မွတ်စလင်လူ့အစုအဝေးတွေ ကလည်း ခံစားနေကြရပါတယ်။

ကမန် IDP များကို ၎င်းတို့ရဲ့မူလနေအိမ်သို့ ပြန်ခွင့်ပြုပါ

