A BHRN panel discussion held on Zoom and streamed live on the BHRN Facebook page.
မြန်မာနိုင်ငံမှာ ပဒေသရာဇ် လက်ထက်အခါက လူမျိုးရေး ဘာသာရေး မုန်းတီးမှု၊ ခွဲခြားမှုနှင့် ဘာသာစွဲ လူမျိုးစွဲ ဆိုတဲ့ အစဉ်အလားဆိုးတွေ မရှိခဲ့ပေမယ့် ကိုလိုနီခေတ် နယ်ချဲ့အစိုးရရဲ့ စီမံအုပ်ချုပ်မှုအောက်၊ ခွဲခြားအုပ်ချုပ်မှု ဗျူဟာအောက်မှာတော့ ဘာသာအယူမတူသူတွေအကြား ရန်မီးပွား အမုန်းတရားများ စတင်ပေါ်ပေါက်လာခဲ့ရ ပါတယ်။
အဲ့ဒီလိုပေါ်ပေါက်လာခဲ့ရတဲ့ အမုန်းတရားဟာ သတင်းတုသတင်းမှား ဖြန့်ချိမှု၊ အမုန်းစကားလှုံ့ဆော်မှုတွေကနေ စတင်ဖြစ်ပွားခဲ့ရတာဖြစ်ပါတယ်။ အဆိုပါ အမုန်းစကား သတင်းတုသတင်းမှားများဟာ ကိုလိုနီစနစ်နဲ့ တစ်ပါတည်း နေဝင်မသွားခဲ့ဘဲ ၁၉၆၂ ခုနှစ် အာဏာရှင်နေဝင်း အာဏာသိမ်းယူပြီးနောက်ပိုင်းမှာတော့ ကိုလိုနီရဲ့ဆိုးမွေတွေကို ပြန်လည်အသက်သွင်းကာ တရုတ်-ဗမာ အရေးအခင်း၊ K လား-ဗမာအရေးအခင်းများကိုဖန်တီးပြီး စစ်အာဏာရှင်တွေ နေရာမြဲ ရာထူးမြဲ ခုံမြဲစေဖို့ ရည်သန်ကာ ဆက်လက်အသက်သွင်းခဲ့ကြပါတယ်။
အဲ့ဒီလို အသက်သွင်းရာမှာတော့ ကိုလိုနီခေတ်ထက်ပိုပြီး စနစ်တကျ သွေးခွဲမှုတွေ ဝါဒဖြန့်မှုတွေနောက်မှာ မြန်မာ့လူအဖွဲ့အစည်းထဲကို ခွဲခြားဆက်ဆံမှုနဲ့ အမုန်းတရားစေ့ဆော်မှုတွေက နက်ရှိုင်းစွာ နေရာယူလာခဲ့ပါတယ်။ ဒီလိုနက်ရှိုင်းစွာ တိုးဝင်လာခဲ့တာဟာလည်း အမုန်းစကားတွေကြောင့်ပဲဖြစ်ပါတယ် ။
၁၉၈၉ ခုနှစ်မှာ စစ်တပ်အစီအမံနဲ့ “အမျိုးပျောက်မှာ စိုးကြောက်စရာ”ဆိုပြီး စာတစ်တန်ပေတစ်တန်အနေနဲ့ အမုန်းစကားများကို စနစ်တကျ ဖြန့်ချိလာခဲ့ပါတယ်။ အဆိုပါ ဝါဒဖြန့်အမုန်းတိုက်မှုများကြောင့် တောင်ကြီး၊ တောင်ငူ၊ ပြည်၊ မန္တလေးမြို့ကြီးများမှာ ဘာသာရေးအကြမ်းဖက်မှုများ ခပ်စိပ်စိပ်ဖန်တီးခဲ့ပြီး ၂၀၁၀ နောက်ပိုင်း စစ်ယူနီဖောင်းချွတ် ဗိုလ်ချုပ်သိန်းစိန် သမ္မတဖြစ်လာချိန်မှာတော့ တိုင်းပြည်ကိုမတည်မငြိမ်ဖြစ်အောင် ထပ်မံဝါဒဖြန့်ခဲ့ရာကနေ မိတ္ထီလာ၊ လားရှိုး၊ ပဲခူးတိုင်းအနောက်ခြမ်း၊ သရဲသမိန်၊ လုံးခင်း၊ မန္တလေး စတဲ့မြို့တွေအပြင် ရခိုင်ပြည်နယ်မှာ လူမျိုးတုံး သ-တ်ဖြ-တ်မှုဆိုတဲ့ ကမ္ဘာကျော် ရာဇဝတ်မှုများအထိပါ ဖြစ်ပေါ်ခဲ့ရပါတယ်။ အဆိုပါသမိုင်းဆိုး အမွေဆိုး ရာဇဝတ်မှုများအားလုံးဟာ အမုန်းစကားနှင့် ဝါဒဖြန့်မှု၊ အုပ်ချုပ်သူလူတန်းစားတို့ရဲ့ စနစ်တကျပါဝင်ပတ်သက် သွေးခွဲအုပ်ချုပ်မှုများကြောင့်လို့ သုံးသပ်နိုင်ပါတယ်။
ဒီနေ့ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပွားခဲ့သမျှသော ဘာသာရေး လူမျိုးရေး လက်နက်ကိုင် ပဋိပက္ခများ၊ အကြမ်းဖက်မှုများ၊ ဂျီနိုစိုက်အားလုံးတို့ဟာ Hate Speech ခေါ် အမုန်းစကား ဖြန့်ဝေပြောဆို ဝါဒဖြန့်မှုကိုအခြေခံပြီး အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ရတာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီတစ်ပတ်မှာတော့ BHRN ရဲ့ စကားဝိုင်းဆွေးနွေးပွဲမှာ ၂၀၂၅ ခုနှစ် တစ်နှစ်ပတ်လုံး အမုန်းစကားဖြန့်ဝေမှု ဝါဒဖြန့်မှုတွေအကြောင်း ရေးသားထားတဲ့ BHRN ရဲ့ နှစ်ပတ်လည်အစီရင်ခံစာကို အများပြည်သူထံ ထုတ်ပြန်ပေးရင်း အမုန်းစကားနဲ့ သူ့ရဲ့ အန္တရာယ်များမှု၊ သင်းခွဲသပ်သျှိုမှု၊ ဖြန့်ချိမှုပုံစံနဲ့ အမုန်းစကားဟာ အာဏာရှင်တွေ အာဏာတည်မြဲဖို့ မည်၍မည်မျှ အရေးပါအရာရောက်နေသလဲဆိုတဲ့ အကြောင်းအရာများကိုပါ တစ်ပါတည်းတင်ပြဆွေးနွေးသွားကြမှာပဲ ဖြစ်ပါတယ်။
ပါဝင် ဆွေးနွေးမယ့်သူတွေကတော့ -
- ကိုမိုးထက်နေ
(သုတေသနဲ့ နိုင်ငံရေးအကြံပေး - Nyan Lynn Thit Analytica)
- Seng (Myanmar FORB Network)
- Grace (BOD)
- မောင်လာနာကာရီစိုးနေဦး (BHRN)
တို့ဖြစ်ပြီး
Moderator အဖြစ်
- ကိုအောင်သူရ
(စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ အထွေထွေသပိတ်ကော်မတီ)
က ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ဒီစကားဝိုင်းကို
၂၀၂၆ ခုနှစ် ဇွန်လ ၃၀ ရက်(အင်္ဂါနေ့ည) 7:00 PM (YGN Time)/ 7:30 PM (BKK Time)မှာ Zoom ကတဆင့် ဆွေးနွေးသွားမှာဖြစ်ပြီး အစီအစဉ်ထုတ်လွှင့်မှုကို BHRN FB Page မှာ Live လွှင့်သွားပါမယ်။
အလားတူ မိတ်ဖက်မီဒီယာတွေဖြစ်တဲ့ Mizzima, Khit Thit Media, Myanmar Press Agency (MPA), MeKong News, Than Lwin Times, Than Lwin Khet, Federal Journal နှင့် People Radio Myanmar တို့မှာလည်း တပြိုင်နက် တင်ဆက်သွားပါမှာ ဖြစ်ပါတယ်။
ဒီစကားဝိုင်းကို တိုက်ရိုက်ထုတ်လွှင့်ခွင့်ပေးတဲ့ မိတ်ဖက်မီဒီယာများကို BHRN က အထူးပဲ ကျေးဇူးတင်ရှိပါတယ်။
- BHRN
#WhatsHappeningInMyanmar #RejectMilitaryCoup #BHRN












